ဆောက်ဂိတ် ထွက်သွားပြီးနောက် အချိန်ယူပြီး ထိပ်တန်း နည်းပြ ၂ဦးကို စည်းရုံးဖို့ အင်္ဂလန် အက်ဖ်အေ ကြံရွယ်နေ

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ကတော့ ရာထူးက နှုတ်ထွက်သွားတဲ့ နည်းပြဆောက်ဂိတ် နေရာ အစားထိုးဖို့ ပရီးမီးယားလိဂ် ထိပ်တန်း နည်းပြ ၂ ဦးကို ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။

အင်္ဂလန် အက်ဖ်အေဘက်က ဆောက်ဂိတ်နေရာကို အမြန်ဆုံး အစားထိုးလိုပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း လက်ရွေးစင် အဆင့် ပွဲတွေမှာ နည်းပြသစ်ကို တာဝန်ယူစေဖို့ထိ ရည်ရွယ်လာပါတယ်။

လတ်တလောမှာ ကလပ်လက်မဲ့ဖြစ်နေတဲ့ လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ကို ချဉ်းကပ်မှု ပြုလုပ်ခဲ့သေးပေမယ့် ဂျာမာန်သားကြီးက ၁ နှစ်တိတိ အနားယူမယ့် သူ့ရဲ့ ပလန်ကို ပြောင်းလဲခြင်း မရှိသေးပါဘူး။

၂၀၂၅ ဇူလိုင်လမှပဲ နည်းပြလောကထဲကို ပြန်ဝင်ဖို့ ကလော့ပ်က ရည်မှန်းထားတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဟောင်းကို နည်းပြသစ်အဖြစ် ခေါ်ယူလိုရင် ၁ နှစ် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

ကလော့ပ် အပြင် အင်္ဂလန် အက်ဖ်အေဘက်က မန်စီးတီးနည်းပြ ဂွာဒီယိုလာကိုလည်း ချိန်ရွယ်ထားပေမယ့် မန်ချက်စတာကလပ် နည်းပြကလည်း လာမယ့်ရာသီမှာ ကလပ်အဆင့်ကိုပဲ ဆက်လက် တာဝန်ယူဦးမှာမို့ အနည်းဆုံး ၁ နှစ်စောင့်ရဖို့ သေချာနေပါတယ်။

ကလော့ပ်ကော ဂွာဒီယိုလာပါ သူတို့ရဲ့ နည်းပြဘဝ နောက်ဆုံး ကာလတွေမှာ လက်ရွေးစင်အသင်းတွေကို ကိုင်တွယ် လိုကြတာမို့ အင်္ဂလန်အသင်းက ဒီ ၁ နှစ်ကို ယာယီနည်းပြတစ်ဦး ခန့်အပ်ကာ ၂၀၂၅ မှ အမြဲတမ်း နည်းပြအဖြစ် ပရီးမီးယားလိဂ် ထိပ်တန်း နည်းပြတွေကို ချိတ်ဆက်တာမျိုးလည်း ဖြစ်လာဖွယ် ရှိနေပါတယ်။