ယိုရို၊ ဇီရစ်ဇီးတို့ ရပြီး ကွင်းလယ် ထပ်လိုက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ရာသီ ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရက်ပိုင်းမှာပဲ ပြင်သစ်ကလပ် လိုင်လီအသင်းမှ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူး ယိုရိုကို ယူရို ၆၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကာ ကစားသမားလည်း မန်ချက်စတာသို့ လာနေပြီ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ကစားသမားလေး ဖြစ်ပေမယ့် ယိုရို ဟာ လိုင်လီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရထားခဲ့ကာ ယူနိုက်တက်ခံစစ်မှာ မာတီနက်စ်နဲ့အတူ တွဲကစားရမှာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်သမား ဇီရစ်ဇီးကိုလည်း ခေါ်ယူထားခဲ့သေးပြီး နောက်ထပ် ခေါ်ယူမှုအချို့ ထပ်လုပ်ဖို့ ဆက်လက် လှုပ်ရှားနေပါတယ်။

ဘိုင်ယန်မြူးနစ်မှ ဒီလစ်၊ အဲဗာတန်မှ ဘရန့်ဝိတ်နဲ့ ပီအက်စ်ဂျီမှ အူဂါတီတို့ဟာ ယူနိုက်တက်ထံ ရောက်လာနိုင်သူတွေဖြစ်ကာ လတ်တလော လူစာရင်းအရ လာမယ့်ရာသီ နည်းပြ တန်ဟက် ထုတ်သုံးနိုင်တဲ့ ပွဲထွက် ၁၁ ဦးစာရင်းကို ဖော်ပြပါမယ်။

ဂိုးသမား နရာမှာ အိုနာနာ နေရာဆက်ရမှာဖြစ်ကာ ခံစစ်ကတော့ ညာခြမ်းမှာ ဒါလော့၊ ဗဟိုခံစစ်မှာ ယိုရို-မာတီနက်စ်အတွဲနဲ့ ဘယ်ခြမ်းက လုခ်ရှောတို့ဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ မိုင်နူးနဲ့ ဖာနန်ဒက်စ်တို့ ၂ ဦးကို အထိုင်ထားဖို့ရှိနေကာ ကွင်းလယ်လူသစ် ရှာဖွေနေဆဲပါ။

ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီကို ယူနိုက်တက်ဘက်က တရားဝင် ချိတ်ဆက်ထားကာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။

တိုက်စစ်မှာ နည်းပြနဲ့ ဆွေးနွေးမှု အောင်မြင်ထားတဲ့ ဆန်ချိုကို ပြန်မြင်ရနိုင်ပြီး ဘယ်ခြမ်းမှာ ရက်ဖိုဒ့်နဲ့ အထောင်တိုက်စစ်မှာ ဟွိုင်လန်းတို့ဖြစ်လာပါလိမ့်မယ်။ ဇီရစ်ဇီးရဲ့ အလားအလာကိုတော့ ရာသီကြိုမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။