တန်ဟက် တပည့်ရင်းကြီး အပါအဝင် ကစားသမား ၇ ဦးထိ ရှင်းထုတ်ဖို့ မန်ချက်စတာ ယူနိုက်တက် လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတလောမှာ ကစားသမားသစ် ခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် ကစားသမား ရောင်းထုတ်မှုအပိုင်းကို သေချာလေး ကိုင်တွယ်ဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက် အကြီးအကဲတွေဟာ နည်းပြတန်ဟက်အတွက် လူအင်အားဖြည့်ရေးကို အာရုံစိုက်နေသလို အသုံးစရိတ် အတွက် ယူရို သန်း ၁ဝဝ တန် တိုက်စစ်သမား အန်တိုနီကို အငှားချကာ ကစားသမား ၆ ဦးထိကို ရောင်းချဖို့ စီစဉ်နေပါတယ်။

နယ်သာလန်တိုက်စစ်မှူး ဇီရစ်ဇီးနဲ့ ပြင်သစ်သား ခံစစ်မှူး ယိုရိုတို့ နှစ်ဦးကို ခေါ်ယူထားတဲ့ ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်း အားဖြည့်မှုအတွက်လည်း ဆက်လက် ပြင်ဆင်နေတာပါ။

ယူနိုက်တက်က ဒီနွေမှာ ဗာရန်း၊ မာရှယ်တို့အပြင် ဂရင်းဝုဒ်၊ ကမ်ဘွာလာ၊ ဗန်ဒီဘိခ်တို့ကိုလည်း ရှင်းထုတ်ထားပါပြီ။ ထပ်ပြီးလည်း မက်ဂွဲရား၊ လင်ဒီအော့၊ ဘစ်ဆာကာတို့လို ခံစစ်သမားတွေကိုလည်း မှန်ကန်တဲ့ဈေးနှုန်းနဲ့ ကမ်းလှမ်းမှု ရရင် ရောင်းထုတ်သွားမှာပါ။

စိတ်ဝင်စားစရာကောင်းတာက ယူနိုက်တက်ရဲ့ အရောင်းစာရင်းမှာ တော်မီနေး၊ အဲရစ်ဆန်၊ ကာဆီမီရိုတို့လို ကွင်းလယ်လူတွေလည်း ပါဝင်နေပါတယ်။ သူတို့ထဲက တော်မီနေးအတွက် ယူနိုက်တက်က ပေါင် သန်း ၃ဝ အထက်မှာ ဈေးခေါ်မှာဖြစ်ပါတယ်။

၂၀၂၂ နွေတုန်းက အေဂျက်ကနေ ယူရို သန်း ၁ဝဝ ဖြင့် ခေါ်ယူခဲ့တဲ့ အန်တိုနီကို ဒီနွေမှာ အပြီးသတ်ရောင်းဖို့ ခက်ခဲနိုင်တာကြောင့် လုပ်ခပိုင်း ကာမိအောင် အငှားချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။