ကွင်းပိတ် ခြေစမ်းပွဲမှာ လူစာရင်း အတောင့်ကြီး ထုတ်သုံးပြီး ၂-ဝ နဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ် အသင်း

အာဆင်နယ် အသင်းဟာ ဒီအပတ် လန်ဒန်ကိုနေးမှာ လိဂ်ဝမ်းကလပ် Leyton Orient အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ပြီး ၂-၀ ဖြင့် အနိုင်ရသွားပါတယ်။

ပြင်ပကို သတင်းပေးခြင်းမရှိဘဲ Leyton Orient အသင်းနဲ့ ကစားတဲ့ ကွင်းပိတ် ချစ်ကြည်ရေးပွဲမှာ ဂျေးဆု၊ အိုဒီဂတ်တို့နဲ့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား အများအပြား ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်အတွက် ဂျေးဆု၊ စမစ်ရိုးတို့ ဂိုးသွင်းခဲ့ကာ စီနီယာအသင်းသား ၉ ဦးထိ ထည့်သွင်းကာ တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းကို ထုတ်သုံးသွားပါတယ်။

ဂိုးသမားအဖြစ် ကာဟိန်း တာဝန်ယူပြီး ခံစစ်မှာ ဘမ်ဝှိုက်၊ တင်ဘာတို့ ပါဝင်ခဲ့ကာ ကွင်းလယ်မှာ ပါတေး၊ ဗီအဲရာ၊ အိုဒီဂတ်တို့ ပူးတွဲ ပွဲထွက်ခဲ့ပါတယ်။ တိုက်စစ်ကတော့ နယ်ဆန်၊ အန်ကတ်တီးရား၊ ဂျေးဆုတို့ ဖြစ်ပါတယ်။

တင်ဘာနဲ့ တွဲဘက်ကစားတဲ့ ခံစစ်မှူး ဟီးဗန်းဟာ အသက် ၁၇ နှစ်ပဲ ရှိသေးပြီး ကွင်းလယ်လူ လူးဝစ်စကယ်လီကလည်း အသက် ၁၇ နှစ်ပဲ ရှိသေးကာ ဘယ်အစွန်မှာ ဝင်ကစားခဲ့ပါတယ်။

ပွဲထွက်လူစာရင်းအတွက် အာဆင်နယ်အသင်း အသုံးပြုထားရတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၂၇ သန်းဖြစ်ပြီး လူငယ် ၃ ဦးအပါအဝင် ကစားသမား ၁၁ ဦးရဲ့ လက်ရှိ တန်ကြေးက ပေါင် ၃၀၁.၂ သန်း တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။