နည်းပြသစ် ဆလော့နဲ့ အတူ ရာသီကြို စတင် လေ့ကျင့်နေပေမယ့် လီဗာပူး အသင်းဟာ အခုမှ နွေဈေးကွက်အတွင်း ဝင်ရောက် လှုပ်ရှားပြီး လူသစ် ခေါ်ယူမှုတွေ လုပ်ဆောင်တော့မယ်လို့ နိုင်ငံခြား သတင်းဌာနတွေက ဖော်ပြလာပါတယ်။
နည်းပြသစ် အာနယ်ဆလော့ကို ခေါ်ယူပြီးတဲ့နောက်ပိုင်း အခုချိန်ထိ လီဗာပူးအသင်းဟာ လူသစ် တစ်ယောက်မှ မခေါ်သေးပါဘူး။ ဒါ့အပြင် ကစားသမား ရောင်းချမှုလည်း တစ်ဦးမှ မလုပ်ထားပါဘူး။
ပေါ်တူဂီသတင်းဌာနတွေကတော့ လီဗာပူးအသင်းဟာ ခံစစ်ပိုင်း အားဖြည့်ဖို့ရာ စပို့တင်း အသင်းမှ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူး အန်နာဆီယိုကို ခေါ်ယူဖို့ စကားပြောနေပြီလို့ ဖော်ပြလာကြတယ်။
အန်နာဆီယို အတွက် စပို့တင်းဘက်က ဈေးချပေးမှာဖြစ်ကာ ယူရို ၄၅ သန်းနဲ့တင် လီဗာပူးအသင်း ခေါ်ယူနိုင်မယ်လို့လည်း ပေါ်တူဂီသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒါ့အပြင် ဂျပန်သတင်းဌာနတွေကလည်း လီဗာပူးအသင်းဟာ ရီးရဲလ်ဆိုစီဒက် တိုက်စစ်သမား ကူဘိုကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေကြောင်းနဲ့ ယူရို သန်း ၆၀ တန် ညိနှိုင်းမှုဟာ အပြီးသတ် အနေအထားထိ ရောက်နေပြီလို့ ဆိုပါတယ်။
အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူခဲ့မယ်ဆိုရင် မိုဆာလာ နေရာ ရေရှည် အစားထိုးဖို့ ရွေးချယ်ထားခြင်း ဖြစ်လာဖွယ် ရှိပါတယ်။