ခြေစမ်းပွဲ ဆိုပေမယ့် ဟွိုင်လန်းနဲ့ ယိုရိုတို့ နာသွားသည်ထိ ပေးဆပ်မှုကြီးခဲ့တဲ့ ယူနိုက်တက်ရဲ့ အာဆင်နယ်နဲ့ပွဲ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီမနက် အမေရိကန်မြေမှာ အာဆင်နယ်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ပုံမှန် မိနစ် ၉၀ ပွဲချိန် အတွင်း အာဆင်နယ်က ၂-၁ နဲ့ အနိုင်ယူသွားပြီး ပင်နယ်တီ ဆက်ကန်ရာမှာတော့ ယူနိုက်တက်က ၄-၃ နဲ့ ပြန် အနိုင်ယူခဲ့ပါတယ်။

ဒီပွဲဟာ ခြေစမ်းပွဲ ဆိုတာထက် ပို အကြိတ်အနယ် ပြိုင်ဆိုင်မှု ရှိခဲ့ပြီး ယူနိုက်တက် အတွက် ထိခိုက်မှု ကြီးသွားတာက တိုက်စစ်မှုး ဟွိုင်လန်းနဲ့ နောက်ခံလူသစ် ယိုရို တို့ နာသွားတာပဲ ဖြစ်ပါတယ်။

ဟွိုင်လန်းဟာ ပထမပိုင်းမှာ ယူနိုက်တက် အတွက် ဂိုးသွင်းပေးပြီး မကြာခင်မှာ နာသွားဟန် ရှိတာကြောင့် နည်းပြ တန်ဟက်က လူစားလဲခဲ့ပါတယ်။

ဒိန်းမတ်သားဟာ ကွင်းထဲကနေ ဥမင်ထိ လမ်းလျှောက်သွားခဲ့တာကြောင့် ဒဏ်ရာကြီး ရမှာစိုးလို့ ကြို သတိထားတဲ့ အနေနဲ့ လူစားလဲခဲ့တာ ဖြစ်မယ် လို့ ယူဆရပါတယ်။

၎င်းအပြင် နောက်ခံလူသစ် ဖြစ်တဲ့ ယိုရို ကလည်း ဟွိုင်လန်း ထွက်ခွာပြီး မကြာခင် ပထမပိုင်း ၃၅ မိနစ် မှာ နာသွားပြန်တာကြောင့် လူစားလဲခဲ့ရပြန်ပါတယ်။

ယိုရိုဟာ ကွင်းထဲကနေ ထော့နင်း ထော့နင်းနဲ့ ထွက်ခွာသွားတာကြောင့် ပြင်သစ်သား အခြေအေနကို စောင့်ကြည့်ရဖွယ် ရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီကလည်း ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်တာ၊ ဒဏ်ရာများတာတွေ ကြုံခဲ့ရပြီး လာမယ့် ရာသီမှာလည်း ဒီပြသနာတွေ ဆက်လက် ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။