ချယ်ဆီး ပစ်မှတ်စာရင်းထဲမှာ ပါဝင်လာပြီး ဆွေးနွေးနေတဲ့ ကော်တိုရစ် လက်သစ် ဂိုးသမားလေး

ချယ်ဆီးအသင်းကတော့ နေ့သစ်တိုင်း ပစ်မှတ် ကစားသမားသစ်တွေ ဆက်လက် ထွက်ပေါ်နေတာပါ။

ချယ်ဆီးအသင်းဟာ Genk အသင်းမှ ဆယ်ကျော်သက် အရွယ် ဂိုးသမားလေး မိုက် ပန်ဒါစ် ကို ခေါ်ယူဖို့ စဉ်းစားနေကာ ဆွေးနွေးမှု စတင်ထားကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။

၂၀၀၅ ခုနှစ်မှာ မွေးဖွားတဲ့ လူငယ်လေး ပန်ဒါစ် အတွက် ကလပ်နှစ်သင်းကြား သဘောတူညီမှု တစုံတရာတော့ မရှိသေးပါဘူး။

ဒီဆွေးနွေးမှုဟာ ချယ်ဆီးရဲ့ အခြားသော ဂိုးသမား ခေါ်ယူမှု ဖြစ်တဲ့ ဂျော်ဂျင်ဆန် ရဲ့ အပြောင်းအရွှေ့ အပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဒီလူငယ်လေးဟာ ချယ်ဆီး အနာဂတ် ပလန်တွေ အတွက် ရည်ရွယ်တာပါ။

အသက် ၁၈ နှစ် အရွယ် ဂိုးသမားလေး ပန်ဒါစ်က စီနီယာ အသင်းကြီး အတွက် တစ်ပွဲတည်းသာ ကစားထားပြီး Genk အသင်းအတွက် ဝ-ဝ သရေကျ၊ clean sheet ရယူထားပါတယ်။

ချယ်ဆီးအသင်းက ပန်ဒါစ်ကို ကော်တိုရစ် လက်သစ် ဂိုးသမား အဖြစ် ရှုမြင်ထားပြီး ကစားသမားဘက်ကို အခိုင်အမာ စည်းရုံးရေး ဆင်ထားတယ်လို့လည်း သိရပါတယ်။

ပန်ဒါစ် ဟာ သူ ကစားထားတဲ့ တစ်ပွဲတည်းသော စီနီယာပွဲမှာ ဂိုးမပေးရရုံသာမက ဘောလုံး ပေးပို့မှု ၁ဝဝ% အောင်မြင်ထားသလို တိကျတဲ့ အဝေးဘော ပေးပို့မှု ၁၃ ကြိမ်လည်း ပြုလုပ်ခဲ့ပါတယ်။