မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး အသစ် စက်စက် ယိုရို ကတော့ အာဆင်နယ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခြေထောက် အကာဖိနပ် တပ်ဆင်ထားရတဲ့ ဗီဒီယိုတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ၂ ပတ်ကမှ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ နဲ့ ရောက်လာခဲ့တဲ့ ယိုရိုဟာ အာဆင်နယ်ကို ရင်ဆိုင်ကစားတဲ့ ခြေစမ်းပွဲ ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တာပါ။
ဒီမနက်က ယူနိုက်တက်အသင်း ဘက်စ်ကားထံ အသင်းဖော်တွေနဲ့အတူ ရောက်လာရာမှာ ယိုရိုဟာ ခြေထောက် အကာအကွယ် တပ်ဆင်ထားရကာ သူ ကာလရှည် လွဲချော်မှာကို ပရိသတ်တွေဘက်က စိုးရိမ်နေပါတယ်။
ယိုရိုဟာ ယူနိုက်တက်ရဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲ ဒုတိယပွဲမှာတင် ပထမပိုင်းမှာတင် ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ဒီအပတ်ထဲ ယှဉ်ပြိုင်ကစားမယ့် ဘက်တစ်နဲ့ပွဲကို လွဲချော် သွားဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ ဒဏ်ရာ အခြေအနေကို အကဲဖြတ်နေစဉ် ကာလမှာ ယခုလို အကာအကွယ်တွေ လုပ်ပေးထားလေ့ရှိပြီး ခုချိန်ထိ ဒဏ်ရာ အခြေအနေကို ခန့်မှန်းမရသေးပေမယ့် ပြင်းထန်မှာကို စိုးရိမ်စိတ်ရှိတယ်လို့ စကိုင်းစပေါ့က ဆိုပါတယ်။
နည်းပြတန်ဟက်က အခုချိန်ထိ ယိုရိုရဲ့ ဒဏ်ရာအကြောင်း ထုတ်ပြောလာခြင်း မရှိသေးပေမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲအပြင် ရာသီစပွဲစဉ် အချို့ကို ယိုရို လွဲချော်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။