နယူးကာဆယ်၊ မန်စီးတီး အသင်းတို့လို ကလပ်တွေနဲ့ ဆက်ဆံရေး တင်းမာလာတဲ့ အာဆင်နယ်

အာဆင်နယ် ဟာ မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့ အတွက် လက်ရှိ နွေအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနေမှု ကြိုးစားလှုပ်ရှားနေပေမယ့် ပရိသတ်တွေ ဆန္ဒရှိတဲ့ ကိစ္စအချို့ကို လုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။

ဘိုလော့ညာကနေ ခံစစ်မှူး ကယ်လာဖီအိုရီကို ပေါင် ၄၂ သန်းဖြင့် ခေါ်ယူခဲ့တဲ့ အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက်ကနေလည်း မာရီနိုကို ခေါ်ယူနိုင်ဖို့ ဆက်လက် နီးစပ်နေပါတယ်။

တိုက်စစ်လည်း ရှာဖွေနေတဲ့ အာဆင်နယ်ဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာရှိခဲ့တဲ့ နယူးကာဆယ်အသင်းထံကနေ ဇွန်လတုန်းက အိုင်ဆက်ကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။

The Independent ရဲ့ အဆိုအရ နယူးကာဆယ်အသင်း တာဝန်ရှိသူတွေနဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေကြားမှာ ဆက်ဆံရေး ဆိုးရွားနေခြင်းကြောင့် အိုင်ဆက်ကိစ္စ ဖြစ်လာဖို့ ခက်ခဲလွန်းနေတယ်လို့ သိရတယ်။

အာဆင်နယ်ဟာ state-owned club တွေနဲ့ တင်းမာတဲ့ သဘောထားရှိနေပြီး အဘူဒါဘီနောက်ခံ မန်စီးတီးနဲ့ ဆော်ဒီနောက်ခံ နယူးကာဆယ်တို့ အခက်တွေ့မယ့် ပရီးမီးယားလိဂ်ဆိုင်ရာ ကန့်သတ်ချက်တွေ အောင်မြင်ရေး ရှေ့ဆုံးက ပါဝင် လှုပ်ရှားနေတဲ့ အသင်းဖြစ်လာနေတာပါ။

အဲ့တာကြောင့်ပဲ အာဆင်နယ်ဘုတ်အဖွဲ့တွေနဲ့ အဆိုပါ ကလပ် ၂ သင်းရဲ့ ဘုတ်အဖွဲ့ကြားမှာ ဆက်ဆံရေးတွေ အေးစက်လာနေပါတယ်။

ဒါကြောင့် ကလပ်တွေကြား အပြန်အလှန် လူခေါ်ယူဖို့ ကြိုးစားမှုတွေ ရပ်တန့်လာကြတယ်လို့ သိရပါတယ်။