ယူနိုက်တက်ကို လီဗာပူး ၃ဂိုးပြတ် နိုင်သွားတဲ့ ဒီမနက် ခြေစမ်းပွဲ၊ မျက်နှာပန်းမလှ ဖြစ်သွားတဲ့ တန်ဟက်နဲ့ ပွဲတိုင်းနိုင် ဆလော့

ယနေ့ မနက် အမေရိကန်မှာ ယှဉ်ပြိုင်ကစားတဲ့ ရာသီကြို ခြေစမ်းပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နည်းပြသစ် ဆလော့ တာဝန်ယူနေတဲ့ လီဗာပူးအသင်းက ၃-၀ ဖြင့် ဂိုးပြတ် နိုင်သွားပါတယ်။

အာနယ် ဆလော့ရဲ့ လီဗာပူးအသင်းဟာ ရာသီကြိုမှာတင် ကောင်းမွန်တဲ့ စုဖွဲ့မှုကို ပြသနိုင်နေကာ ကာဗာရို၊ ဂျုံးနဲ့ ကိုစတက်တို့ ဂိုးသွင်းမှုနဲ့အတူ ယူနိုက်တက်ကို သက်သက်သာသာပဲ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။

နောက်အပတ်မှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားရမယ့် ယူနိုက်တက်ဟာ အခုချိန်ထိ အဆင်သင့်ဖြစ်သေးဟန် မရှိပါဘူး။

ယိုရို၊ ဟွိုင်လန်းတို့ ဒဏ်ရာရနေသလို နံပါတ် ၉ နေရာ ဝင်ဝင်ကစားပြီး ဆန်ချိုက ရုန်းကန်နေရပါတယ်။ ဒီမနက် ပွဲမှာ ကြိုတင် ကာကွယ်ခြင်း အဖြစ် မက်ဂွဲရားလည်း မပါနိုင်ခဲ့ပါဘူး။

ပွဲအစ ၁၀ နမိစ်မှာတင် ဂျိုတာထံက ရတဲ့ ဘောလုံးကို ကာဗာရိုက ပင်နယ်တီ ဧရိယာမှာ ကာဆီမီရိုကို အရူးကွက်တွေရိုက်ပြီး ဂိုးသမား အိုနာနာရဲ့ ဘေးကို ကန်သွင်းရင်း ဦးဆောင်ဂိုးယူပါတယ်။

ညာခြမ်းတိုက်စစ်က လီဗာပူး တိုက်စစ်မှုး ဆာလာ အတော်လေး ကောင်းနေပြီး ဒုတိယဂိုးကို ဂျုံး သွင်းယူနိုင်ဖို့ ပံ့ပိုးပေးနိုင်ခဲ့တယ်။

ယူနိုက်တက်အတွက် တော်မီနေး ရတဲ့ ရွှေရောင် အခွင့်အရေးကို လီဗာပူး လူစားဝင် ဂိုးသမား ဂျာရိုစ့် ကောင်းကောင်းကာကွယ်ပေးခဲ့ပါတယ်။

လီဗာပူးကပဲ ကစားကွက် ကောင်းကောင်းဖြင့် ဖိကစားနိုင်ခဲ့ကာ ဂျိုတာရဲ့ ပိတ်ချက် အိုနာနာ ကာကွယ်ရာက ပြန်စင်ထွက်လာတာကို ကိုစတက်က ပိတ်သွင်းပြီး တတိယဂိုး ယူပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းလုံးက လူစားလဲခဲ့ကြကာ လူငယ်တွေ အများစုကို ထည့်သွင်းခဲ့ပါတယ်။ ယူနိုက်တက်ဘက်က အခွင့်အရေး အချို့ ရပေမယ့် ဂိုးသမား ဂျာရိုစ့် ကောင်းနေခဲ့တာကြောင့် ချေပဂိုး တစ်ဂိုးတောင် မရတော့ဘဲ လီဗာပူးက clean sheet နဲ့ နိုင်ပွဲရခဲ့ပါတယ်။

ယူနိုက်တက်မှာ ခြေစမ်းပွဲဆိုတာ မရှိဘူးလို့ ကြွေးကြော်ထားတဲ့ နည်းပြ တန်ဟက်တစ်ယောက် ရာသီကြိုမှာတင် ဖိအားတွေ များနေပြီဖြစ်ပါတယ်။

လီဗာပူး နည်းပြ ဆလော့ကတော့ အမေရိကန် ရာသီကြို ခရီးစဉ်မှာ ၃ ပွဲ ကစား ၃ ပွဲနိုင်ပြီး တာထွက် ကောင်းနေပါတယ်။