လီဗာပူးကို ၃ဂိုးပြတ် ရှုံးပြီးနောက် ဖီလင်တွေ ရောထွေးနေပါပြီ ဆိုတဲ့ တန်ဟက်ရဲ့ အကြောင်းပြချက်များ

မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီမနက် ၃ ဂိုးပြတ်နဲ့ လီဗာပူးကို ရှုံးနိမ့်ပြီး အမေရိကန် ရာသီကြို ခရီးစဉ်ကို လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

သူတို့အတွက် ခြေစမ်းပွဲ ဆိုတာ မရှိဘူးလို့ ကြွေးကြော်ဖူးတဲ့ တန်ဟက် အတွက် ဒီလို ဂိုးပြတ် အရှုံးဟာ များများစားစား ဆင်ခြေပေးစရာ မရှိပါဘူး။

ဒါပေမယ့် နယ်သာလန်သား နည်းပြကြီးကတော့ စိတ်ပျက်တာရော ကျေနပ်တာတွေရော ဒီပွဲမှာ ရှိခဲ့ပါတယ် ဆိုတဲ့အကြောင်း ပွဲပြီးစကား ဆိုခဲ့ပါတယ်။

” ဖီလင်တွေကတော့ ရောထွေးနေတယ် ပြောရမယ်။ ကျွန်တော်တို့ ဂိုးတွေ ပေးရတာကို မပျော်ဘူးပေါ့၊ ဒါ သေချာပါတယ်။

သူတို့က သိပ်ကောင်းတဲ့ အသင်း တစ်သင်းပါ။ တွန်းတွန်းတိုက်တိုက် ကစားတယ်၊ ဂိုးသွင်းနိုင်စွမ်းလည်း သိပ်ကောင်းတယ်၊ သူတို့ တကယ်ကောင်းကောင်း လုပ်ပြသွားတာပါ။

ကျွန်တော်တို့ အသင်း ဂိုးတွေပေးလိုက်ရပုံကို သဘောမကျပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အကောင်းမြင်စရာလေးတွေ ရှိခဲ့တယ်။ ပထမဂိုးက အရေးကြီးတာပါပဲ။ လီဗာပူးက တကယ် ထိထိရောက်ရောက် သေချာ လုပ်ပြသွားတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လက်ရှိ နွေ ရာသီကြိုမှာ ခြေစမ်းပွဲ ၅ ပွဲ ကစားထားပြီး ၂ ပွဲနိုင်ကာ ၃ ပွဲ ရှုံးထားပါတယ်။

လီဗာပူးနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲဟာ နောက်ဆုံးပွဲ ဖြစ်ပြီး ဘောလုံးရာသီ အတွက် တကယ့် ပြင်ဆင်မှုတွေ စတင်ရတော့မှာ ဖြစ်ကာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲကို မကြာခင် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။