ဒီမနက် အမေရိကန်မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲမှာ လီဗာပူးကို ရှုံးတာထက် ပိုပြီး ထိခိုက်မှုကြီးသွားစေတဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် အင်္ဂလန်သား အစွန် နောက်ခံလူ ဝမ်ဘစ်ဆာကာ ဒဏ်ရာ ရသွားပြီး လူစားလဲခဲ့ရတာပါ။ ဘစ်ဆာကာ ကို ဒီနွေမှာ ယူနိုက်တက်က ရောင်းချဖို့ စီစဉ်ထားပြီး အင်္ဂလန်သားကို ထုတ်ရောင်းပြီးမှသာ နောက်ထပ် ခံစစ် ကစားသမားသစ် ဆက်လက် ခေါ်ဖို့ ယူနိုက်တက်က ချိတ်ထားတာ ဖြစ်ပါတယ်။
ဘစ်ဆာကာ ကို ရောင်းချဖို့ ဝက်စ်ဟမ်းအသင်းနဲ့ ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်ပြီး အနှေးနဲ့ အမြန် ဆိုသလို အဆင်ပြေတော့မယ့် အချိန်မှာ ဒဏ်ရာကသာ ပြင်းထန်ရင် အပြောင်းအရွှေ့ ပျက်ပြယ်သွားနိုင်နေပါတယ်။
ယူနိုက်တက်က ဘစ်ဆာကာကို ရောင်းပြီးတာနဲ့ ဘိုင်ယန် နောက်ခံလူ မာရာဇာဝီ ကို တန်းခေါ်ဖို့ စီစဉ်ထားခဲ့တာပါ။
နောက်ထပ် ဒဏ်ရာ ရသွားတာကတော့ ဗဟိုခံစစ် လူငယ် ကစားသမားလေး ဝဲလ်ဖစ်ရှ် ဖြစ်ပြီး ခြေကျင်းဝတ် ဒဏ်ရာ ဖြစ်ဖွယ် ရှိတာကြောင့် တန်ဟက်ရဲ့ ပလန်တွေ အတွက်လည်း အနှောင့်အယှက် ဖြစ်ဖွယ် ရှိနေပါတယ်။
ဒီနွေမှာ ယူနိုက်တက် ဗဟိုခံစစ်က ဗာရန်း အလွတ်နဲ့ ထွက်ခွာထားသလို လင်ဒီလော့ဖ်ကလည်း ထွက်ဖို့ များနေပါတယ်။ ဒါကြောင့် လူငယ် ကစားသမားလေး ဝဲလ်ဖစ်ရှ် ကို အရန် အဖြစ် အားထားဖို့ ရည်ရွယ်ထားပေမယ့် ကြာသွားဖွယ် ရှိတဲ့ ၎င်း ဒဏ်ရာကြောင့် လူထပ် ခေါ်ရဖွယ် ရှိပါတယ်။
ယူနိုက်တက်ဟာ ဒီနွေမှာ ဗဟိုခံစစ်သမား ယိုရို ကို ခေါ်ထားပေမယ့် ၎င်းက ဒီရာသီကြိုမှာပဲ ၃ လ ကြာ နားရမယ့် ဒဏ်ရာ ရထားပြန်ပါတယ်။ ဒါကြောင့် ဘိုင်ယန် နောက်ခံလူ ဒီလစ်ကိုလည်း သဘောတူညီမှု ရထားပြီး ဆက် လှုပ်ရှားဖို့ တာစူနေခဲ့တာပါ။