ကွန်မြူနတီဒိုင်း ရခဲ့ပေမယ့် စီးတီးက ယူနိုက်တက်ကို ရှုံးလုနီးပါး ဖြစ်ခဲ့တယ် ဆိုတဲ့ ပက်ရဲ့ ဝန်ခံချက်

မန်စီးတီးအသင်းဟာ ညက ကွန်မြူနတီဒိုင်းပွဲမှာ ယူနိုက်တက်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ နိုင်ပြီး နောက်ဆုံး ၃ နှစ် ဆက် ဝေးကွာခဲ့တဲ့ ဆုဖလားကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ သူ့အသင်းဟာ ယူနိုက်တက်ကို ရှုံးလုနီးပါး ရှိခဲ့တယ် ဆိုတာ ဝန်ခံလိုက်ပြီး ပရီးမီးယားလိဂ် အတွက်လည်း အသင့် မဖြစ်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော်တို့ ပရီးမီးယားလိဂ် အတွက် အသင့် ဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ဘူး ဖြစ်နေတယ်။ ဒီနေ့ ပွဲမှာ ကျွန်တော်တို့ ရှုံးတောင် ရှုံးသွားနိုင်ခဲ့သေးတယ်။

ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော် သဘောကျတာတွေ အများကြီးလည်း မြင်ခဲ့ရတယ်။ ပထမပိုင်း ၃၅ မိနစ်လောက် က အကောင်းဆုံး ဆိုတာကိုတောင် ကျော်လွန်သွားတဲ့ အနေအထား ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အတူ လေ့ကျင့်ခဲ့ရတဲ့ အချိန်နဲ့ ယှဉ်ကြည့်မယ် ဆို မမျှော်လင့်တဲ့ အနေအထားပဲ။

ဒါပေမယ့် ခြုံကြည့်မယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး ဆိုတာနဲ့ အတော် ဝေးနေပါသေးတယ်။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ဆုဖလား တစ်လုံးနဲ့ ဘောလုံးရာသီကို စတင်ရတယ် ဆိုတော့ ကောင်းတာပေါ့ဗျာ။ ” လို့ ပက် ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပွဲချိန် ၈၂ မိနစ်မှာ ဂါနာချိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားလိုက်ပြီး ပွဲကို ဖြတ်နိုင်ခဲ့ပြီ ထင်ခဲ့ပေမယ့် ဘာနာဒိုက ၈၉ မိနစ်မှာ ချေပဂိုး သွင်းကာ ပင်နယ်တီထိ ခရီးဆက်ခဲ့ကြတာ ဖြစ်ပါတယ်။