မီဒီယာတွေရဲ့ မန်စီးတီး အပေါ် လိုတမျိုး၊ မလိုတမျိုး ဆက်ဆံပုံကို ဂွာဒီယိုလာ ဒဲ့ကစ်ပြီ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာ က သူ့အသင်း ကစားသမားသစ် ခေါ်ယူမှုတွေမှာ ငွေသုံးတိုင်း မီဒီယာတွေရဲ့ ဆက်ဆံပုံအား ဝေဖန်မှု ပြုလုပ်လာနေပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလား ၄ ရာသီဆက် အနိုင်ရထားသလို ၅ ရာသီဆက် အောင်မြင်ဖို့လည်း ရည်မှန်းနေ တာပါ။ အဲ့ဒီအတွက် ပထမဆုံး ခြေလှမ်း အဖြစ် ယူနိုက်တက်နဲ့ ကွန်မြူနတီဒိုင်းပွဲ ကိုလည်း အနိုင်ယူပြီး ဖြစ်ပါတယ်။

ဂွာဒီယိုလာက အပြောင်းအရွှေ့မှာ အသုံးစရိတ်ကြီးတွေ ထုတ်သုံးပေမယ့် သိပ်ပြီး ဝေဖန်မခံရတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကို ထည့်သွင်း ထောက်ပြလာခဲ့ပါတယ်။

” နှစ်တွေအများကြီး အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်တို့က အပြောင်းအရွှေ့မှာ ငွေကြေးတွေ သုံးခဲ့ကြတာပါ။ ဒါပေမယ့် အဲ့တာက သတင်းထူး မဖြစ်ပါဘူး။ မန်စီးတီး ငွေသုံးရင်တော့ အဲ့ဒါက သတင်းပါပဲ။ ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက ပြီးခဲ့တဲ့ နှစ်တွေအတွင်း စီးတီးရဲ့ အဓိက ပြိုင်ဘက်ဖြစ်ခဲ့တဲ့ လီဗာပူးနဲ့ ပိုင်ရှင်သစ်လက်ထက် အသုံးစရိတ်ကြမ်းနေတဲ့ ချယ်ဆီးတို့ကိုတော့ ထည့်ပြောခဲ့တာမျိုး မရှိပါဘူး။

ဒီရာသီမှာ လီဗာပူးက လူသစ် တစ်ဦးမှကို မခေါ်နိုင်သေးပေမယ့် ချယ်ဆီးကတော့ လူသစ်များစွာကို ဆက်ခေါ်နေတာပဲ ဖြစ်ပါတယ်။