ပရီးမီးယားလိဂ် ပွဲတွေ ပြန်မစခင်မှာတင် အာဆင်နယ်အသင်းမှာ ဒဏ်ရာ ရ ကစားသမား ၃ ဦး ရှိနေ

အာဆင်နယ် အသင်းရဲ့ လိုင်ယွန်ကို အနိုင်ရတဲ့ အမ်းမရိတ်ဖလား ခြေစမ်းပွဲမှာ ကစားသမားအချို့ မပါဝင်နိုင်ခြင်းဟာ ဒဏ်ရာ ပြဿနာတွေကြောင့်ဖြစ်တယ်လို့ နည်းပြ အာတီတာ က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

သူတို့ထဲက တစ်ဦးဖြစ်တဲ့ တင်ဘာက နောက်အပတ်ထဲမှာ အာဆင်နယ်နဲ့ ပြန်ပြီး လေ့ကျင့်ရေး ဝင်နိုင်မှာပါ။ ဒါပေမယ့် တိုမီယာဆုရဲ့ ဒဏ်ရာကတော့ ပိုပြီး အချိန်ကြာကြာ အနားယူရဦးမှာဖြစ်ပါတယ်။

မနှစ်ကရာသီ ပွဲဦးထွက် ၂ ပွဲပဲ ကစားခဲ့ရပြီး ဒဏ်ရာရခဲ့တဲ့ တင်ဘာဟာ ခြေထောက် ဒဏ်ရာကြောင့် လေဗာကူဆင်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။

နည်းပြ အာတီတာကတော့ တင်ဘာဟာ တစ်ဦးချင်း လေ့ကျင့်ရေးတွေ လုပ်နေပြီး နောက်အပတ် ပြန်ပါမယ်လို့ ဆိုပါတယ်။

တိုမီယာဆုဟာ ရာသီကြို အစမှာတင် ဒူးဒဏ်ရာ ရခဲ့ခြင်းဖြစ်ကာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အချို့ကို လွဲချော်သွားမှာဖြစ်ပါတယ်။ တိုမီယာဆု ကစားနိုင်ဖို့က သီတင်းပတ်တွေကြာဦးမယ်လို့ပဲ နည်းပြအာတီတာက ပြောပါတယ်။

လိုင်ယွန်ပွဲမှာ တင်ပါး ဒဏ်ရာကြောင့် ကွင်းလယ်လူ ဗီအဲရာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ပေါ်တူဂီသား ဘယ်လောက်ကြာကြာ နားရမယ်ဆိုတာကတော့ အတိအကျ မသိရသေးတာ ဖြစ်ပါတယ်။