လီဗာပူး အသင်းဟာ ဆိုဒီဒက် အသင်းထံမှ စပိန် ကွင်းလယ် ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဒီ တနင်္လာနေ့ထိ အကြောင်းမထူးဘူးဖြစ်နေတာကြောင့် ကစားသမားဘက် ပြန် ဖိအားပေးကာ ရာဇသံပေးထားပြီ လို့ သိရပါတယ်။
ကွင်းလယ် အင်အားဖြည့်လိုတဲ့ လီဗာပူးအသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၆ဝ ရှိတဲ့ ဇူဘီမန်ဒီကို ဦးစားပေးပစ်မှတ် အဖြစ် ရွေးချယ်ကာ ရီးရဲလ်ဆိုစီဒက်အသင်းထံ ချဉ်းကပ်မှု လုပ်ခဲ့တာပါ။
ဒါပေမယ့် လာလီဂါကလပ်ကလည်း ခံစစ်သမား နော်မန်ကို ရောင်းထုတ်ထားပြီးချိန် ကွင်းလယ်လူ မော်ရီနိုကို အာဆင်နယ်ထံ လက်လွတ်ရဖို့ နီးနေတာကြောင့် ဇူဘီမန်ဒီကို မရောင်းလိုဘူးဖြစ်နေပါတယ်။
ဆိုစီဒက်ဘက်က သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားကို အသင်းမှာပဲ ဆက်နေပေးဖို့ စည်းရုံးနေပြီး လုပ်ခ လစာ တိုးပေးတဲ့ စာချုပ်သစ်ပါ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီအပတ် တနင်္လာနေ့မှာလည်း ဆူဘီမန်ဒီက ဆိုစီဒက်နဲ့အတူ လေ့ကျင့်ရေး ဆင်းနေဆဲပါ။
လီဗာပူးအသင်းဟာ ဇူဘီမန်ဒီအတွက် စာချုပ်ပါကြေး ယူရို သန်း ၆၀ ပေးဖို့အပြင် ကစားသမားကို မြင့်မားတဲ့လုပ်ခ ပေးဖို့ အဆင်သင့် ရှိနေပါတယ်။
ဒါပေမယ့် ဆိုစီဒက်ရဲ့ အချိန်ဆွဲနေမှုကို လက်ခံမှာမဟုတ်ဘဲ လီဗာပူးက ဒီအပတ် မကုန်ခင် ပြတ်သားတဲ့ အဖြတစ်ခုခု ကစားသမားဘက်က ပေးဖို့ တောင်းဆိုထားပြီ လို့ သိရပါတယ်။
ဆိုစီဒက်ဘက်ကတော့ ဇူဘီမန်ဒီနေရာ အစားထိုးဖို့ လူသစ် ရှာနေဆဲလို့ သတင်းထွက်နေသလို အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူကို ဆက်ထိန်းထားနိုင်ရင်လည်း ကျေနပ်မယ် လို့ သိရပါတယ်။