မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ပေါစခိုးလ်ကတော့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဂန်းနားတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချိန်တန်ပြီ၊ ဖြစ်ကို ဖြစ်တော့မှာ လို့ အာရုံရနေကြောင်း ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းတလျောက် မဟာပြိုင်ဘက် တစ်သင်း ဖြစ်ပေမယ့် ပေါစခိုးလ်ကတော့ သူ့ အမြင် အတိုင်း ထုတ်ဖော် ပြောဆိုလာတာပါ။
ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် စံချိန်တင်ထားပြီး ၅ ရာသီဆက် စံချိန်သစ်ပါ ထပ်တင်နိုင်မလား စောင့်ကြည့်ရဦးမှာပါ။
ဒါပေမယ့် ပေါစခိုးလ်ကတော့ အာဆင်နယ် အင်အား အတောင့်ဆုံး အနေအထား ရောက်နေပြီး စီးတီးကို စိန်ခေါ်နိုင်တော့မယ်လို့ ယုံကြည်ကြောင်း အခုလို သုံးသပ် ပြောဆိုလာပါတယ်။
” ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းက မနှစ်ကနဲ့ အတူတူပဲ လို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီးကတော့ အားလုံးအကြိုက် ဖြစ်ကြမှာပဲ။ အာဆင်နယ်ကတော့ အနီးကပ်ဆုံး ကပ်လိုက်လာလိမ့်မယ်။
ကျွန်တော်ကတော့ ဒီနှစ် အာဆင်နယ် ဗိုလ်စွဲဖို့ တကယ် မျှော်လင့်ထားတယ်။ မီခေးလ် အာတီတာ လက်အောက်မှာ သူတို့က အတော်ကြီး တိုးတက်လာတယ်လို့ မြင်တယ်။
ဒီတခါတော့ သူတို့ ချန်ပီယံ ဖြစ်ချိန် တန်ပြီ လို့လည်း ခံစားမိနေတယ်။ လွယ်တော့ လွယ်ကူနေမှာ မဟုတ်ဘူးပေါ့။ ပြိုင်ဘက်တွေ အများကြီးကိုလည်း ရင်ဆိုင်ရမယ့် အင်္ဂလန်မှာက အဆင့် ၇-၈ လောက်ထိ ကို အကုန် ကောင်းကြတဲ့ အသင်းတွေပါ။
ဒါပေမယ့် ဒီရာသီတော့ အာဆင်နယ်က မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံ သံသရာကို ချိုးဖျက်တော့မယ် လို့ ထင်တယ်ဗျာ။ ” လို့ ပေါစခိုးလ်က သုံးသပ် ခန့်မှန်းလိုက်ပါတယ်။