ချယ်ဆီး ခေါ်လိုက်တဲ့ တိုက်စစ်မှုးသစ်က မဟန်ပါဘူးလို့ သရဲနီဟောင်းကြီး ရွိုင်ကိန်း ပြောဆို ဝေဖန်

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကစားသမား ဝယ်ယူမှု ၉ ဦး ထိ ရှိထားပြီ ဖြစ်ပြီး ငယ်ရွယ် အလားအလာ ကောင်းတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

ဒီထဲမှာမှ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိပြီး အရွယ်ကောင်းမှာ ရှိနေတဲ့ တိုက်စစ်သမား နက်တိုကတော့ ထူးခြားနေပါတယ်။

ဝုဗ်မှာတည်းက ကစားပုံကောင်းတဲ့ တောင်ပံ တိုက်စစ်သမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၄ သန်းနဲ့ ချယ်ဆီးကို ရောက်လာခဲ့တာပါ။

ချယ်ဆီးတိုက်စစ်သမားသစ် နက်တိုဟာ ဒီနွေရဲ့ ကောင်းမွန်တဲ့ ခေါ်ယူမှုတွေထဲ ပါဝင်သွားမလားလို့ The Overlap အစီအစဉ်မှာ ဆွေးနွေးကြရာ သရဲနီဟောင်းကြီး ရွိုင်ကိန်းကတော့ ခါးခါးသီးသီးပဲ မှတ်ချက်ပေးပါတယ်။

ရွိုင်ကိန်းက ‘ မထင်ပါဘူးကွာ။ သူက အမြဲတမ်း ဒဏ်ရာရနေတဲ့ကောင်စားပဲဟာ၊ သူက လုခ်ရှောလိုပဲ အမြဲဒဏ်ရာရနေတတ်တဲ့သူ။

အသင်းကို အရှုပ်ထုတ်တွေပဲ ဖြစ်စေမယ့်သူပါ။ ကွင်းထဲမှာ နေရာတိုင်းကို ပြေးလွှားကစားပြပြီးတာနဲ့ တံကောက်ကြောကြောင့် ၆ လလောက် ကုပေးရမယ့်သူ။ ’ လို့ ခပ်ပြတ်ပြတ် ပြောဆို သုံးသပ်ခဲ့တာဖြစ်ပါတယ်။

နက်တိုဟာ ပရီးမီးယားလိဂ် ကစားသမား ဘဝ ၅ ရာသီမှာ သွင်းဂိုး ၁၁ ဂိုးပဲ ရထားသူဖြစ်ကာ မကြာခဏ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရလေ့ရှိသူပဲ ဖြစ်ပါတယ်။