ဒီ စနေညမှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် ဝုဗ်ကို အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဟာဗက်၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-ဝ ရလဒ်နဲ့ အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ် အတွက် အဖွင့်ဂိုးကို ပထမပိုင်း ၂၅ မိနစ်မှာ ဆာကာရဲ့ ဖြတ်တင်ဘောကနေ ကိုင် ဟာဗက်ထံက ထူးချွန်တဲ့ ခေါင်းတိုက်ဂိုးနဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ သူ့ဂိုးအတွက် ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုး သွင်းခဲ့တဲ့ အသင်းဖော် ဆာကာ အတွက် ကိုင်ဟာဗက်ဇ်က အထူး ချီးကျူးသွားခဲ့ပါတယ်။
ဟာဗက်ဇ်က ” ဆာကာကတော့ မယုံနိုင်စရာပဲ။ ဒီကမ္ဘာမြေမှာတော့ သူ့လို ကစားသမား များများ စားစား မရှိနိုင်ပါဘူး။ သူက အခုထိတောင် ငယ်ရွယ်သေးတဲ့ သူပါ။ ပိုပြီးလည်း ကောင်းလာနိုင်သေးတယ်။
လူငယ် ကစားသမား တစ်ယောက်ကို ဒီလို အပတ်တိုင်း အမြဲ ကောင်းကောင်း ကစားနိုင်တာ၊ အမြင့်ဆုံး လယ်ဗယ် ထိန်းထားနိုင်တာ ရှားရှားပါးပါး မြင်ဖူးတာပဲဗျာ။” လို့ ဆာကာ အကြောင်း ပြောဆိုချီးကျူးခဲ့တာပါ။
ဒါ့အပြင် နိုင်ပွဲနဲ့ ပတ်သတ်ပြီးလည်း ဟာဗက်ဇ်က ” ကျွန်တော်တို့ နိုင်ပွဲ အတွက် ပျော်ရွှင်နိုင်ပါတယ်။ တိုးတက်စရာတွေကတော့ ရှိနေသေးတာပေါ့။
ပထမပိုင်း မိနစ် ၂ဝ လောက်က အတော် ကောင်းခဲ့တယ်။ အခွင့်ကောင်းတွေ ရခဲ့တယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း ပွဲထဲမှာ ကျွန်တော်တို့ နည်းနည်း control လျော့သွားပြီး press လုပ် ကစားတာတွေ အဆင်မပြေတော့ဘူး။
ဒါပေမယ့် ခံစစ်က ရာနှုန်းပြည့် ပိတ် ကစားသွားနိုင်ခဲ့တယ်။ သူတို့ကို အခွင့်အရေး များများ မပေးခဲ့ဘူး။ ဒီပွဲကနေ ၃ မှတ် ပြည့် ယူနိုင်ခဲ့တယ်ဗျာ။ ” လို့ ပြောဆိုခဲ့ပါတယ်။
ဝုဗ်ကို အနိုင်ကစားပြီးနောက် အမှတ်ပေးဇယားမှာ အာဆင်နယ်က ဒုတိယ နေရာ ရောက်လာပြီး ဘရိုက်တန်ကတော့ ၃-ဝ နဲ့ နိုင်ပွဲ ရလိုက်လို့ ဂိုးကွာခြားချက် အသာနဲ့ ပထမ နေရာမှာ ရပ်တည်နေပါတယ်။