မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမားဟောင်း မေဆန် ဂရင်းဝုဒ်က အသင်းသစ် မာဆေးမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီြ ဖစ်ပါတယ်။
မာဆေးအသင်းက ဘရက်စ်အသင်းကို ၅-၁ ဖြင့် အနိုင်ရတဲ့ ပြင်သစ်လီဂူးဝမ်းပွဲမှာ အင်္ဂလန်တိုက်စစ်သမား ဂရင်းဝုဒ် ဟာ ကိုယ်တိုင် သွင်းဂိုး ၂ ဂိုး ရယူခဲ့ပါတယ်။
ဒီနွေမှာ မာဆေးကို ပြောင်းခဲ့ခြင်းအတွက် များစွာသော ဖိအားပေးခံရမှုတွေ ရှိခဲ့သလို မာဆေး ပရိသတ်တွေကိုယ်တိုင်က ဆန့်ကျင်ခြင်း ခံခဲ့တဲ့ ယူနိုက်တက် တိုက်စစ်သမားဟောင်း ဂရင်းဝုဒ်ဟာ မြက်ခင်းပြင်မှာတော့ သူ့ရဲ့ ခြေစွမ်းတွေက ထက်မြက်နေဆဲဖြစ်ပါတယ်။
ကွင်းထဲမှာ သူဘောလုံးထိလိုက်တိုင်း အိမ်ရှင်ပရိသတ်တွေက boo ဆိုပြီး လှာင်ပြောင်ခဲ့ကြပါတယ်။ ဖိအားတွေအောက်မှာ ဂရင်းဝုဒ်က မာဆေးရဲ့ သွင်းဂိုး ၅ ဂိုးမှာ ကိုယ်တိုင် ၂ ဂိုး သွင်းနိုင်ခဲ့သလို ဂိုးထောက်ပံ့မှု ၂ ကြိမ်ကိုလည်း လုပ်ပေးခဲ့ပါတယ်။
မနှစ်ကရာသီ လီဂူးဝမ်းမှာ တတိယနေရာရခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ရမယ့် ဘရက်စ်တို့ဟာ ရာသီအဖွင့်ပွဲမှာ ရုန်းကန်နေရပြီး ဂရင်းဝုဒ်ရဲ့ အဖွင့်ဂိုးကို အမြန်ဆုံး ချေပခွင့်ရမယ့် ပင်နယ်တီပါ လွဲချော်ခဲ့ပါတယ်။
” ဒါက ကျနော်တို့အသင်းရဲ့ အဆင့်အတန်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကို ခံစစ် ဧရိယာအတွင်းမှာ နေရာလွတ်တွေ အများကြီး ပေးမိခဲ့ပါတယ် ” လို့ ဘရက်စ်နည်းပြ အဲရစ်ရွိုင်က ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။
လူသစ်ခေါ်ယူမှုတွေလည်း အားကောင်းထားတဲ့ ဒီဇာဘီရဲ့ မာဆေးဟာ ဂရင်းဝုဒ်ရဲ့ ထူးချွန်ခြေစွမ်းကြောင့် အဖွင့်လှခဲ့ပြီဖြစ်ကာ ဒီရာသီ ပီအက်စ်ဂျီရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။