စီးတီးကို ၂-ဝ နဲ့ပဲ ရှုံးလို့ ကျေနပ်နေတဲ့ လေသံမျိုး ပစ်လာတဲ့ ချယ်ဆီးနည်းပြ မာရက်စ်ကာ

တနင်္ဂနွေညက စတမ်းဖိုဒ့်ဘရစ်ချ်မှာ ချယ်ဆီးနဲ့ မန်စီးတီး တို့ ယှဉ်ပြိုင်ကစားရာမှာ ဟာလန်း၊ ကိုဗာဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဧည့်သည် မန်စီးတီးအသင်းက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ချယ်ဆီးဘက်က တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်သလို အရန်လူစာရင်းကလည်း ကောင်းမွန်မှုရှိပါတယ်။ စီးတီးရဲ့ အရန်လူစာရင်းကတောင် ချယ်ဆီးနဲ့ နှိုင်းယှဉ်ရင် အားနည်း နေခဲ့ပါတယ်။

ပထမပိုင်းမှာ ချယ်ဆီးအသင်းက မန်စီးတီးကို မာမာထန်ထန် တုန့်ပြန်နိုင်သလို အခွင့်အရေး မပေးရအောင် အားထုတ်ခဲ့ပေမယ့် ဂျက်ဆန်နဲ့ အန်ဇို ဖာနန်ဒက်စ်တို့ ခြေစွမ်းက လိုအပ်ချက် များခဲ့ပါတယ်။ ဒီပွဲမှာ မထင်မှတ်ဘဲ လာဗီယာက ခြေစွမ်းကောင်းနေခဲ့ပါတယ်။

ချယ်ဆီးနည်းပြ မာရက်စ်ကာကတော့ သူ့အသင်းဟာ ချန်ပီယံတွေကို ကောင်းကောင်း ယှဉ်နိုင်ခဲ့ပြီး ပိုကောင်းတဲ့ အခိုက်တန့်တွေတောင် ရှိတယ်လို့ ပွဲအပြီးမှာ ကျေနပ်စကား ဆိုခဲ့ပါတယ်။

” ဒီနေ့ပွဲ စွမ်းဆောင်ရည်က ကောင်းတယ်လို့ မြင်တယ်။ ပွဲချိန် တော်တော်များများ သေချာ ယှဉ် ကစားနိုင်ခဲ့တယ်။ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်၊ အဲဒီ အခွင့်အရေးတွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့တာပဲ ရှိတယ်။

ဒါပေမယ့် အရေးကြီးဆုံးက အခွင့်အရေးတွေ ဖန်တီးဖို့ပဲ ဆိုတော့ ကျွန်တော် ကျေနပ်ပါတယ်။ ခြေစွမ်းက overall ကြည့်ရင် ကောင်းခဲ့တယ်။ အဓိက ကွာသွားတာက ဂိုးဧရိယာထဲမှာ လုပ်နိုင်စွမ်းပါပဲ။

ဒီနေ့ ချန်ပီယံ အသင်းကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာ။ ဒီပုံစံ အတိုင်း ဆက်သွားပြီး ပွဲတွေ နိုင်အောင် ကန်မှာပါ။ သူတို့က ဘောလုံး ကိုင် ကစားတဲ့နေရာမှာ ဆရာ တစ်ဆူပဲ။ ကျွန်တော်တို့ အသင်း လိုချင်တဲ့ စွမ်းဆောင်ရည် ရခဲ့တယ်။ ဒါ အဓိကပဲလေ။ ” လို့ မာရက်စ်ကာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။