တိုက်စစ်မှုးသစ် ဇက်ဇီး ကို နေရာပေးဖို့ ယူနိုက်တက် ပွဲထွက် လူစာရင်းကနေ တန်ဟက် ဖယ်ထုတ်သင့်သူ တစ်ဦး

မန်ချက်စတာ ယူနိုက်တက် ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ဖူလ်ဟမ်နဲ့ ပွဲမှာ အနိုင်ရခဲ့ပြီ ဖြစ်ပြီး နောက်တပတ် ဘရိုက်တန်နဲ့ ပွဲမှာ တိုက်စစ်မှုးသစ် ဇက်ဇီးကို ပွဲထွက်ကနေ ထည့်သုံးဖို့ တိုက်တွန်းမှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒီအတွက် မေဆန်မောင့်ကို ဖယ်ထုတ်လိုက်ဖို့ပါ အကြံပေး ထောက်ပြနေကြတာပါ။

မေဆန်မောင့်က ယူနိုက်တက်ရဲ့ ရာသီကြို ပွဲတွေမှာ တောက်လျောက် ပါဝင် ကစားလာခဲ့ပြီး စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာလည်း ပွဲထွက်က ပါဝင်ခဲ့သလို ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း နေရာ ရခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ ပွဲမှာ မောင့်ကို ၆၁ မိနစ်မှာ ထုတ်ပြီး ဇက်ဇီးကို လူစားဝင် ကစားစေခဲ့ရာ ယူနိုက်တက် တိုက်စစ်မှုးသစ်ဟာ အသင်း အတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ချယ်ဆီး ကွင်းလယ်ဟောင်းကြီး အိုဘီ မီခေးလ်က မောင့်ကို ထုတ်ပြီး နယ်သာလန်သား တိုက်စစ်သမားကို ယူနိုက်တက် နေရာပေးသင့်ကြောင်း –

” မောင့်က ဒီရာသီတော့ ကောင်းကောင်း လုပ်ပြမှ ဖြစ်မယ်လို့ ကျွန်တော် တောက်လျောက် ပြောခဲ့တာပါ။ သူ မလုပ်နိုင်ခဲ့ဘူး။ ဒီတော့ ယူနိုက်တက် ပွဲထွက် လူစာရင်းမှာ ဂျိုရှာ (ဇက်ဇီး)နဲ့ ဘရူနို (ဖာနန်ဒက်စ်) တို့ကို ထည့်သွင်း ပွဲထုတ်ဖို့ စဉ်းစားသင့်ပါပြီ။ ” လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

၎င်း အဆိုကို လီဗာပူး ကစားသမားဟောင်းကြီး မက် အက်တီယာ ကလည်း ထောက်ခံလိုက်ပြီး ” မေဆန်မောင့်က နည်းနည်းတော့ လွန်နေပြီ။ အသင်း မန်နေဂျာက ရာသီသစ်၊ ပထမဆုံးပွဲမှာ ပွဲထုတ်လိုက်ပြီး မင်း ဘာလုပ်နိုင်လဲ ပြ .. လို့ ထည့် ကစားလိုက်တာ။ သူ ဘာမှ မလုပ်ပြနိုင်ဘူး။

ပွဲထဲမှာ ထရွတ်တိုက် ဆွဲပြီး ကစားနေတယ်။ အင်တိုက် အားတိုက် မရှိဘူး။ ဘောလုံးလည်း မယူနိုင်သလို၊ တောင်းလည်း မတောင်းနိုင်ဘူး။ ဘာမှ လုပ်မပြနိုငဘူး။ ဇက်ဇီး အတွက် ပွဲထွက်ကနေ တစ်ယောက်ယောက် ဖယ်ထုတ်ရမယ် ဆိုရင် မောင့်ပဲ ဖြစ်ရမှာပဲ။ ” လို့ အကြံပြု သုံးသပ်သွားပါတယ်။