ဂျာအို ဖိလစ်ကို ခေါ်ယူလိုက်ကြောင်း ချယ်ဆီး ကြေညာ၊ ဖိလစ်က ချယ်ဆီးမှာ အဝတ်လဲစရာ နေရာတောင် ရှိပါ့မလား ကာရေဂါကြီး စိတ်ပူ

ချယ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား ဂျာအို ဖိလစ် ကို ပေါင် ၄၂.၇ သန်းနဲ့ ဝယ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားပြီ ဖြစ်ပါတယ်။

ပေါ်တူဂီသားဟာ နည်းပြ အန်ဇို မာရက်စ်ကာ လက်ထက် ၉ ဦးမြောက် ရောက်လာတဲ့ ကစားသမား ဖြစ်ပြီး စာချုပ်သက်တမ်း ၆ နှစ် + တစ်နှစ် ထပ်တိုးခွင့်နဲ့ ချယ်ဆီးက ခေါ်ယူခဲ့တာပါ။

ဖိလစ် အတွက်တော့ ချယ်ဆီးထံ ဒုတိယ အကြိမ်မြောက် ရောက်လာခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၂-၂၃ ရာသီတုန်းကလည်း ဖိလစ်က စတန်းဖို့ဘရစ်ချ်မှာ ၆ လ တာ အငှား လာရောက် ကစားခဲ့ပါသေးတယ်။

အသက် ၂၄ နှစ် အရွယ် တိုက်စစ်သမားဟာ ပြီးခဲ့တဲ့ရာသီကလည်း ဘာစီလိုနာမှာ အငှားထွက် ကစားခဲ့ပြီး ၁ဝ ဂိုးသွင်း ၆ ဂိုး ဖန်တီးခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကတော့ ဖိလစ် အနေနဲ့ ချယ်ဆီးမှာ လူများလွန်းလို့ အဝတ်လဲခန်းမှာတောင် နေရာ ရပါ့မလားလို့ ဟာသလုပ်ကာ မေးခွန်းထုတ်ခဲ့ပါတယ်။

ကာရေဂါက ” အခု ချယ်ဆီး လူစာရင်းကို ကြည့်လိုက်ဦး၊ ဖိလစ်က ချယ်ဆီး အသင်းရဲ့ အဝတ်လဲခန်းမှာ နေရာတောင် ရှိပါ့မလား.. သူ ဘယ်နေရာမှာ အဝတ်သွားလဲမှာလဲ တောင် စိတ်ပူမိတယ်.. တကယ် အတည်ပြောနေတာနော်။

မင်းမှာ ကစားသမား ၄၀ လောက်ရှိရင် သူတို့အားလုံးကို အဝတ်လဲခန်း တစ်ခုထံ ဘယ်လို ဆံ့အောင် ထည့်မလဲ? လေ့ကျင့်ရေးတစ်ခုမှာ ဒီကစားသမားတွေ အားလုံးကို ဘယ်လို သွားပြီး နေရာချမလဲ?” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။