အာဆင်နယ် အသင်း ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ ဆိုရင် အာဆင်နယ် အသင်းသား တချို့ ပိုပြီး တိုးတက်ဖို့၊ ပိုပြီး လုပ်ပြနိုင်ဖို့ လိုအပ်ကြောင်း ဂန်းနားဟောင်းကြီး အီရန်ရိုက် က သုံးသပ် ထောက်ပြလာပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ ဆုနဲ့ ဂန်းနားတို့ အလှမ်းကွာနေတာ ဆယ်စုနှစ် ၂ ခု ကျော် ကြာခဲ့ပြီ ဖြစ်ပြီး မီခေးလ် အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ် အသင်းကတော့ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ချန်ပီယံ ဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။
ဒီရာသီမှာတော့ အာဆင်နယ်တို့ ချန်ပီယံ ဖြစ်ရမယ် ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုး မြင်တွေ့နေရပြီး အီယန်ရိုက်ကတော့ ကစားသမား ၃ ဦးသာ ပိုကောင်းကောင်း လုပ်ပြနိုင်ရင် ချန်ပီယံ ဖြစ်လာနိုင်ပြီ လို့ ယုံကြည်နေပါတယ်။
” ဂါဘရီရယ် ဂျေးဆုနဲ့ မာတင်နယ်လီ တို့က ပိုပြီး စွမ်းဆောင်ပြနိုင်ရပါမယ်။ နှစ်ယောက်လုံးက အတော် ကောင်းတဲ့ ရာသီ ဝက်တွေ ပိုင်ဆိုင်ခဲ့တယ်။
ပြီးခဲ့တဲ့ရာသီက မြင်ခဲ့ရတာထက် ပိုများတဲ့ သွင်းဂိုးတွေ သူတို့ နှစ်ယောက် သွင်းပြဖို့ လိုပါတယ်။ ဒီရာသီက သူတို့အတွက် တကယ့် စိန်ခေါ်မှုပဲ လို့ ကျွန်တော် ထင်တယ်။
နောက်ပြီး ရေးစ် နယ်ဆန်လည်း အတူတူပဲ။ ဆာကာ သာ မကစားနိုင်ရင် ရေးစ်နယ်ဆန် က ဝင်ကစားပြီး လုပ်ပြနိုင်စွမ်း ရှိရမယ်။ သူက အသင်းမှာ ရှိနေတာ အတော်တောင် ကြာပါပြီ။ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်သင့်ပြီ။” လို့ ရိုက်က သုံးသပ် တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေးမှာ အသင်း အရန် လူစာရင်းကလည်း အရေးကြီးကြောင်း ရိုက်က ထပ်လောင်း သတိပေးခဲ့ပါတယ်။