မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမား ဂျေဒန် ဆန်ချိုဟာ စနေည ဘရိုက်တန်နဲ့ ပွဲစဉ် အတွက် Amex Stadium အထိ အသင်းဖော်တွေနဲ့ အတူ လာခဲ့ပေမယ့် ယူနိုက်တက် လူစာရင်းမှာ မပါလာခဲ့ပါဘူး။
အသက် ၂၄ နှစ် အရွယ် အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း မပါခဲ့တာကြောင့် အသင်း လူစာရင်းက ချန်လှပ်ခံရတာ နှစ်ပွဲ ဆက်တိုက် ဖြစ်လာပါတယ်။
ဖူလ်ဟမ်နဲ့ပွဲတုန်းက ဆန်ချိုဟာ ကြံ့ခိုင်မှု မပြည့်ဝဘူး ဆိုပြီး ချန်ထားခံခဲ့ရကာ ဒီတပတ်မှာတော့ တန်ဟက်က မတူညီတဲ့ အကြောင်းပြချက် ပေးခဲ့ပါတယ်။
” ဆန်ချို ဒီထိ (Amex Stadium) လိုက်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ပြသနာလေးတွေ ရှိတယ်။ ပွဲ လူစာရင်း အတွက် ရွေးချယ် ဆုံးဖြတ်ရတယ်။ သူ့ အနေနဲ့ သူ့နေရာမှာ ပါဝင်ခွင့်ရဖို့ ပြိုင်ဆိုင်ရပါမယ်။ ဘောလုံးရာသီက အရှည်ကြီးပါ။ ကျွန်တော်တို့ တစ်ပွဲချင်းပဲ ရွေးချယ် ဆုံးဖြတ်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်သမားကို ဈေးကွက် မပိတ်ခင် ဂျူဗင်တပ်စ်နဲ့ ပီအက်စ်ဂျီ တို့က ခေါ်ယူဖို့ ချိတ်ဆက်နေကြပြီး အသင်း အနေနဲ့ ကမ်းလှမ်းမှုကောင်းတွေ ရရင် ဆန်ချိုကို ရောင်းချဖွယ်လည်း ရှိနေပါတယ်။