စနေညနေခင်း အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာ ၂-၁ နဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ယူနိုက်တက် အတွက်တော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတင် ရှုံးပွဲ စကြုံလိုက်ရပြီး ပွဲထဲမှာ အရေးပါတဲ့ သွင်းဂိုး တစ်ဂိုးလည်း ပယ်ဖျက်ခံလိုက်ရတာကြောင့် ခါးသီးနေတော့မှာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးသွင်းနိုင်ဖို့ အားစမ်းကြရာမှာ အခွင့်အရေး ကိုယ်စီရခဲ့ကြပါတယ်။ ယူနိုက်တက်တို့ ဘောလုံးကို များများကိုင်ကစားနိုင်ဖို့ ကြိုးစားသလို ဘရိုက်တန်ကလည်း တော်တော်လေးကောင်းပြီး တန်ပြန် ကစားနိုင်စွမ်းရှိပါတယ်။
ဂိုး စမြင်ရတာက မက်ဂွဲရားရဲ့ ကြောင်အအ ခံစစ်ကာကွယ်ပုံကနေ သူ့ဘေးက ဖြတ်သွားတဲ့ ဘောလုံးကို ဝဲလ်ဘတ်က ဝင်ပိတ်ခဲ့တာဖြစ်ပါတယ်။ မိနစ် ၃၀ ထိ ကောင်းကောင်းကစားနေတဲ့ ယူနိုက်တက်အတွက် စိတ်ပျက်ဖွယ် ခံစစ်ပုံစံကနေ ဂိုးပေးခဲ့ရတာပါ။
ချက်ခြင်းပဲ ယူနိုက်တက်ဘက်က ပြန်တိုက်စစ်ဆင်လာပြီး ရက်ဖိုဒ့် ဂိုးသွင်းပေမယ့် လူကျွံနေပါတယ်။ အာမတ် ကောင်းပေမယ့် ရက်ဖိုဒ့်ရဲ့ ခြေစွမ်းက မေးခွန်းထုတ်စရာဖြစ်ပြီး အာရုံစိုက်မှုလည်း မကောင်းခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ယူနိုက်တက်ဘက်က မောင့်အစား ဇက်ဇီး ဝင်လာပြီး ကစားပုံလည်း ပိုသွက်လာပါတယ်။ ခြေပဂိုးကို အာမတ်ရဲ့ ကောင်းမွန်တဲ့ ထိုးဖောက်မှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ထပ်ပြီးလည်း ယူနိုက်တက်က အသာစီးတွေကစားလာခဲ့ကာ အာမတ်နဲ့ ဖာနန်ဒက်စ်ရဲ့ တွဲလုံးကောင်းကနေ ဂိုးရပေမယ့် ဇက်ဇီးရဲ့ အနေမတတ်ဘဲ ထထောင်လိုက်တဲ့ ဒူးနဲ့ ဘောလုံးထိမိတာကြောင့် ထိုဂိုးဟာ လူကျွံဘော ဖြစ်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ဘရိုက်တန်က တောက်လျှောက် ကစားပုံ တည်ငြိမ်လာခဲ့ပြီး ယူနိုက်တက်ရဲ့ ဧရိယာထဲထိ မကြာခဏ ဝင်ရောက် ထိုးဖောက်လာခဲ့တယ်။ ဘရိုက်တန်က အသင်းလိုက် ကောင်းမွန်သလို တိုက်စစ်ကို ကောင်းကောင်း ပံ့ပိုးနိုင်စွမ်းရှိပါတယ်။
ဘရိုက်တန်အတွက် အနိုင်ဂိုးကတော့ ယူနိုက်တက်ရဲ့ ဘယ်ခြမ်းမှာ လူကပ်ထားဖို့ ပေါ့လျော့နေခြင်းကို အခွင့်အရေးယူပြီး ဖြတ်တင်ဘောကို ပြေးတက်တိုက်ရင်း ပက်ဒရိုက သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်ကတော့ ရာသီအဖွင့်မှာတင် ရှုံးပွဲ စတွေ့ပြီဖြစ်ကာ ယခင်ရာသီကလို အဆင့် ၈ ရောက်နေပြီး ဘရိုက်တန်က ဒီပွဲ နိုင်လိုက်ပြီးနောက် အမှတ်ပေးဇယားထိပ်မှာပါ ဆက်လက် ရပ်တည်နေပါတယ်။