ချယ်ဆီးအသင်းက မနေ့ညက ဝုဗ်အသင်းကို ဒုတိယပိုင်းမှာ ၄ ဂိုး ထပ်သွင်းပြီး ၆-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ တိုက်စစ်သမား မူဒရစ်ဟာ ၄၅ မိနစ်အကြာမှာပဲ လူစားလဲခံခဲ့ရပါတယ်။
စတမ်းဖိုဒ့်ဘရစ်ချ်ကို ရောက်လာတာ ၁၈ လ ကြာခဲ့ပြီဖြစ်တဲ့ မူဒရစ်ဟာ အသင်းပိုင်ရှင်သစ် တော့ဘိုးလေတို့ လက်ထက် ဈေးအကြီးဆုံး ခေါ်ယူမှုတွေထဲက တစ်ဦးအဖြစ် ပါဝင်ထားသူပါ။
ဒုတိယပိုင်းအစမှာတင် မူဒရစ်ကို ဘာကြောင့် လူစားလဲခဲ့တာလဲ မေးခံရချိန်မှာ နည်းပြ မာရက်စကာက ‘ ဘာလို့လဲဆိုတော့ ကျနော် မပျော်လို့ လဲတာပေါ့’ လို့ တုန့်ပြန်ပါတယ်။
ချယ်ဆီးဟာ ဒီနွေမှာ ဝုဗ်ကနေ နက်တိုကို ခေါ်ယူထားတာကြောင့် ဘယ်တောင်ပံမှာ ရွေးချယ်စရာ ပိုများလာပါပြီ။ မူဒရစ်ကို ထုတ်ပယ်ခြင်းဟာ နက်တိုကို အခွင့်အရေး ပေးလိုတာကြောင့် ဖြစ်ပါတယ်။
‘ အချို့သော အခိုက်အတန့်တွေမှာ ကျနော်တို့ ပိုကောင်းကောင်းလုပ်နိုင်တယ်လို့ ထင်မိတယ်။ သူက ဘောလုံးမရှိချိန်မှာ အားထုတ်တာ ကောင်းပါတယ်။ ဒါပေမယ့် ဘောလုံးကိုင်ကစားချိန်မှာ သူ့ထံက ပိုကောင်းတဲ့ အရည်အချင်းမျိုး ကျနော် မျှော်လင့်ပါတယ်။
သူက ဒီပွဲမှာ ကောင်းပေမယ့် သူ့ကို လူစားလဲလိုက်ရတာက နက်တို ကို ပွဲကစားချိန် ပေးချင်လို့ပါ ’ ဆိုပြီး ချယ်ဆီးနည်းပြက ရှင်းပြသွားတာ ဖြစ်ပါတယ်။