မနေ့ညက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးပွဲအပြီးမှာတော့ မန်ချက်စတာကလပ်ဟာ အများကြီး ပြတ်ကျန်နေခဲ့ပါပြီလို့ သရဲနီဟောင်းကြီး ရွိုင်ကိန်းက ဝန်ခံလိုက်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ယူနိုက်တက်က ၃-ဝ နဲ့ ဂိုးပြတ် ရှုံးခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် ဆလော့ရဲ့ လီဗာပူးဟာ ဒီရာသီ မန်စီးတီးနည်းတူ ရာနှုန်းပြည့် နိုင်ပွဲရထားကာ ပေးဂိုး လုံးဝ မရှိသေးပါဘူး။
သရဲနီဟောင်းကြီး ရွိုင်ကိန်းကတော့ ယူနိုက်တက်ရဲ့ ညံ့ချက်ကို မယုံနိုင်အောင် အံ့သြနေပြီး ပွဲအပြီးမှာ အခုလို မှတ်ချက်ပြု ခဲ့ပါတယ်။
” ဒီပွဲက ဘက်ညီတဲ့ပွဲလို့ လုံးဝကို ပြောမရတာပါ။ လီဗာပူးက သိပ်ကောင်းခဲ့ပြီး သိပ်ကို ပုံစံကျ ထူးချွန်နေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ညံ့ချက်ကတော့ အံ့ပါ ဩယူရပါတယ်။
လီဗာပူး တိုက်စစ် ကစားလိုက်တိုင်း ဂိုးသွင်းတော့မယ့် ပုံစံမျိုးဖြစ်နေတာက မြင်မကောင်းပါဘူး။ အိမ်ကွင်းကြီး ဆောက်လိုက်မဟဲ့ ဆိုပြီး ယူနိုက်တက်တို့ လူကြားကောင်းအောင် ဖြီးလုံး ဖြန်းလုံးတွေ လျှောက်ပြောနေပေမယ့် သူတို့ ပြန်မလာနိုင်သေးတာကို သိပ်စိတ်ပျက်မိပါတယ်။
ပွဲချိန် မိနစ် ၆၀ အကျော်မှာ ဒီကစားသမားတွေ ယူနိုက်တက်အတွက် ကစားပေးနေသေးတာကို မြင်ရတာ သိပ်ကို အံ့ဩမိပါတယ် ” လို့ သရဲနီဟောင်းကြီး ရွိုင်ကိန်းက သုံးသပ်သွားတာပဲဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ကတော့ ဒီရာသီ ၃ ပွဲ ကစား၊ ၂ ပွဲ ရှုံး ရလဒ်နဲ့အတူ ဘယ်နေ့ ရာထူးက ပြုတ်မလဲ မသေချာတဲ့ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။