ကလပ်တွေနဲ့ အမှုဖြစ်တိုင်း မိအေးနှစ်ခါ နာသလို တရားစရိတ်တွေ ထောင်းနေတဲ့ ပရီးမီးယားလိဂ်၊ စီးတီးနဲ့ အမှု အတွက်လည်း ကုန်ကျဦးမည်

မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်တဲ့ ၁၁၅ မှု အတွက် ကြားနာမှုတွေကို မကြာခင် စတင်တော့မှာပါ။ ပရီးမီးယားလိဂ်ရဲ့ ကုန်ကျမယ့် တရားစရိတ်ကလည်း ပေါင် သန်း ဆယ်ချီပြီး ကုန်ကျသွားနိုင်တယ် လို့ သတင်း ထွက်နေပါတယ်။

မန်စီးတီး အသင်းဟာ ဒီအမှု အတွက် ကြေးကြီး ပေးရတဲ့ နာမည်ကြီး ရှေ့နေတွေ ငှားရမ်းထားတာပါ။ စီးတီးကို ချန်ပီယံလိဂ်ကနေ ဘန်းခဲ့တဲ့ ယူအီးအက်ဖ်အေနဲ့ အမှုမှာ တာဝန်ယူ ဆောင်ရွယ်ခဲ့တဲ့ Lord Pannick KC မှ ရှေ့နေတွေ က ဒီတကြိမ် ပရီးမီးယားလိဂ်နဲ့ အမှုမှာလည်း ပါဝင် ဖြေရှင်းမှာ ဖြစ်ပါတယ်။

ဒီရှေ့နေတွေ အတွက် ပေးရတာက တစ်နာရီ ပေါင် ၅ဝဝဝ လောက် ရှိတယ် လို့ သိရပါတယ်။ အမှု တစ်ခု ဖြစ်ရင် တရားရေး စရိတ်က အရေးကြီးမှု အလိုက် ကုန်ကျငွေတွေ ပိုပြီး များလေ့ ရှိတာပါ။

ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ နှစ်က အဲဗာတန်နဲ့ ရင်ဆိုင်ခဲ့တဲ့ အမှုမှာလည်း သူတို့ နိုင်ခဲ့သည့်တိုင် တရားစရိတ် ကျသင့်ငွေ အများစုကို ပေးခဲ့ရပါတယ်။ ထိုအမှုမှာ ပရီးမီးယားလိဂ်က နိုင်ပြီး အဲဗာတန်က ၁ဝ မှတ်လျှော့ ပြစ်ဒဏ် ချခံခဲ့ရပါတယ်။

အဲဒီအမှုအတွက် တရားရေး စရိတ် ပေါင် ၄.၉ သန်း ကျသင့်ခဲ့ပြီး ပရီးမီးယားလိဂ်က အမှုရှုံးကလပ် အဲဗာတန်ကို ပေးချေစေဖို့ ကြိုးပမ်းခဲ့ပေမယ့် လွတ်လပ်တဲ့ ကော်မရှင်ကနေ ဆုံးဖြတ်ချက် ချပေးခဲ့တာကြောင့် အဲဗာတန်က အမှု စရိတ်ရဲ့ သုံးပုံ တစ်ပုံခန့်သာ ပေးခဲ့ရပါတယ်။

ထို စီရင်ချက် အတိုင်းသာ ဆိုရင် ပရီးမီးယားလိဂ်ဟာ စီးတီးနဲ့ အမှုမှာ နိုင်ခဲ့ရင်တောင် တရားစရိတ် များစွာ ကုန်ကျဖွယ် ပေးရဖွယ် ရှိနေပါတယ်။

တဖက်မှာ မန်စီးတီးသာ အမှုနိုင်သွားရင်လည်း ကျသင့်သမျှ တရားစရိတ်ကို ပရီးမီးယားလိဂ်ကပဲ အကုန်လုံး ပေးရဖို့ ရှိနေပြန်တာပါ။ ဒီလို စရိတ်တက်သွားတာက ပရီးမီးယားလိဂ်ကနေ ကလပ်တွေကို ငွေပေးချေမှုတွေ ထိပါ ထိခိုက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

စီးတီးရဲ့ ၁၁၅ မှု ကြားနာခြင်းဟာ စက်တင်ဘာလထဲ စတင်မှာ ဖြစ်ပြီး အမှုရဲ့ စွဲချက်များပြားမှုနဲ့ ပြင်းထန်မှုကြောင့် အချိန် အတန်ကြာ ယူရဖွယ် ရှိပါတယ်။