ဘယ်ကမ်းလှမ်းမှု လာလာ၊ ပေါင် ၄သိန်း နီးပါး ရနေတဲ့ ယူနိုက်တက်ကနေ မခွာဖို့ ကာဆီမီရို ဆုံးဖြတ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ကာဆီမီရို ကို ဂါလာတာစာရေး အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘယ်လို ကမ်းလှမ်းမှုပဲ လာလာ ငြင်းဆန်ပယ်ချသွားဖို့ ကစားသမားဘက်က ဆုံးဖြတ်ထားကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်လာပါတယ်။

တူရကီ အပြောင်းအရွှေ့က နောက် သီတင်းပတ်မှ ပိတ်မှာ ဖြစ်ပြီး အစ္စတန်ဘူလ် အခြေစိုက်ကလပ်က ကာဆီမီရို ကို ခေါ်ယူဖို့ ဒီရက်ပိုင်းမှာ အရှိန်နဲ့ ကြိုးစားလာနေပါတယ်။

ဘရာဇီးသား ကွင်းလယ်သမားဟာ ယူနိုက်တက်ရဲ့ လီဗာပူးကို ရှုံးတဲ့ပွဲက အမှားတွေကြောင့် ဒီတလောမှ ဝေဖန်မှုတွေ များစွာ ခံယူနေရတာပါ။ ထိုပွဲမတိုင်ခင်မှာ ယူနိုက်တက်က ကွင်းလယ် ကစားသမားသစ် အူဂါတီကို မိတ်ဆက်ပေးခဲ့ပြီး ကာဆီမီရိုက နောက်ပိုင်းမှာ ပွဲကစားခွင့် လျော့လာဖွယ် ရှိပါတယ်။

ဒါပေမယ့် ကာဆီမီရိုကတော့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိတ်ကူး မရှိဘဲ အသင်းမှာ ဆက်နေကာ သူ့ နေရာကို ခိုင်မာအောင် လုပ်လိုနေပါတယ်။

ကာဆီမီရိုက လက်ရှိ ယူနိုက်တက်မှာ ပေါင် ၃သိန်း ၇သောင်းခွဲ ရရှိနေတာ ဖြစ်ပြီး ထိုသို့ လုပ်ခလစာမျိုးက ဂါလာတာ စာရေးမှာ ရရှိဖွယ် မရှိပါဘူး။

ယူနိုက်တက်ကတော့ ကာဆီမီရို အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ လမ်းဖွင့်ပေးထားတာ ဖြစ်ပြီး ဆော်ဒီဘက်နဲ့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် တနင်္လာနေ့ည ဆော်ဒီ ဈေးကွက်ပိတ်သွားချိန်ထိ ကမ်းလှမ်းမှု မရခဲ့ပါဘူး။