သတင်းကြီးနေတဲ့ ဇီဒန်းက အကြောင်းတစ်ချက်ကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာဖွယ် မရှိ

ပရီးမီးယားလိဂ် ရာသီ စတင်လို့ ၃ ပွဲ အရောက် မှာတင် ၂ပွဲ ထိ ရှုံးထားကာ အခြေအနေမကောင်း ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ အဲရစ် တန်ဟက်ကို အချိန်အကြာကြီး ပေးဖွယ် မရှိပါဘူး။

ထွက်ပေါ်နေတဲ့ သတင်းတွေမှာ ဆာဂျင်ရက်ကလစ်ဟာ နည်းပြတန်ဟက်ရဲ့ တာထွက် ညံ့ဖျင်းနေမှုကို သဘောမကျဖြစ်နေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ နည်းပြနေရာ အစားထိုးစရာ ဖြစ်လာခဲ့ရင် စာချုပ်လက်မဲ့ ဖြစ်နေမယ့် ထိပ်တန်းနည်းပြတွေကို အရင်ဆုံး ချိတ်ဆက်နိုင်ပါတယ်။ အဲ့ထဲမှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဒီဇန်းလည်း ပါဝင်နေပါတယ်။

ဒါပေမယ့် ၂၀၂၂ တုန်းက ပြင်သစ်သားကြီး ပြောဆိုခဲ့မှုကို သရဲနီ ပရိသတ်တွေက ပြန်ဖော်ထုတ်နေကြကာ ဒီဇန်းက အင်္ဂလန်ကို ရောက်လာမယ် မထင်ဘူးလို့ ဆိုနေကြပါတယ်။

ဇီဒန်းက သူ့အတွက် ဘာသာစကားဟာလည်း အဓိက ကိစ္စတစ်ခုဖြစ်ပြီး အင်္ဂလိပ်စကား ပိုင်ပိုင်နိုင်နိုင် မကျွမ်းကျင်တာကြောင့် မန်ချက်စတာကို မပြောင်းလိုကြောင်း ပြောထားပါတယ်။

L’Equipe နဲ့ အင်တာဗျူးမှာ ဇီဒန်းက “ နေရာတိုင်းကို မသွားတဲ့ အဓိက အကြောင်းရင်းထဲမှာ ဘာသာစကားလည်း ပါပါတယ်။ လူတွေက ကျနော်ကို မန်ချက်စတာ ယူနိုက်တက်ကို သွားဖို့ ပြောကြတယ်။

ကျနော် အင်္ဂလိပ်စကားကို နားလည်ပါတယ်။ ဒါပေမယ့် အရမ်းတော့ မကျွမ်းပါဘူး။ အင်္ဂလိပ်စကား မရဘဲ အင်္ဂလန်မှာ အလုပ်လုပ်ကြသူတွေရှိတာကို သိပေမယ့် ကျနော်ရဲ့ အလုပ်လုပ်ပုံက မတူဘူးလေ။ အနိုင်ရဖို့ဆိုရင် စကားပြောရမှာကလည်း အစိတ်အပိုင်း တစ်ခုပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိက်တက် ဟာ တန်ဟက်ကို ရာထူးကနေ ခပ်မြန်မြန် ချက်ချင်း ထုတ်ပယ်တာမျိုး လုပ်ဖွယ် မရှိပေမယ့် နယ်သာလန်သားအတွက် အန္တရာယ်များတဲ့ အခြေအနေတော့ ရောက်နေပါပြီ။