အမ်ဘတ်ပီကို မခေါ်မယ့် ချယ်ဆီး၊ မာရှယ်ကို ပစ်မှတ်ထားနေတဲ့ ဂျူဗီနဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ နောက်နှစ်နွေ အပြောင်းအရွှေ့မှာ သတင်းကြီးလာဦးမယ့် ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီကို ခေါ်ယူမယ့် အသင်းတွေထဲ မပါဝင်ဘူးလို့ သိရပါတယ်။ အမ်ဘတ်ပီဟာ နာမည်ကြီး ကစားသမား ဖြစ်ပေမယ့် တူချယ်ရဲ့ တိုက်စစ်မှာ သုံးစရာ ကစားသမားတွေ များနေတာကြောင့် ပြင်သစ်သားကို နေရာပေးဖို့ မရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ဒုဥက္ကဌ ရာထူးကနေ နှုတ်ထွက်တော့မယ့် အက် ဝုဒ်ဝပ်ဟာ ရာထူးက ထွက်လိုက်ပေမယ့် မန်ချက်စတာ ကလပ်နဲ့ ဆက်နွယ်မှုတွေက ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်က ၎င်းကို အကြံပေး ရာထူးမျိုး ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

စီးတီးနည်းပြ ပက် ဂွာဒီယိုလာကတော့ ဘာစီလိုနာကသာ မန်စီးတီး အသင်းသား တစ်ယောက်ယောက်ကို မျက်စိကျတယ် ဆိုရင် အရ ခေါ်ယူသွားနိုင်ကြောင်း အင်တာဗျူးမှာ ဝန်ခံထားပါတယ်။

ဘာစီလိုနာဟာ မန်စီးတီး တိုက်စစ်သမား ရာဟင်းစတားလင်းကို မျက်စိကျနေပြီး ဂွာဒီယိုလာ အဆိုအရ အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘဏ္ဍာရေး အကြပ်အတည်း ရှိနေတဲ့ ဘာစီလိုနာက စတားလင်းကို တခါတည်း ဝယ်ယူဖို့ထက် အငှား သို့မဟုတ် အလဲအထပ်နဲ့သာ ဖြစ်ဖွယ်ပါ။

အသင်းကြီး ပုံရိပ် ပြန်အသက်သွင်းမယ့် နယူးကာဆယ် အသင်းရဲ့ နာမည်ကြီး ပစ်မှတ်တွေထဲ ဘိုင်ယန်မြူးနစ် ခံစစ်မှုး နစ်ကလပ်စ် ဆူလေလည်း ပါဝင်လာတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ အသုံးစရိတ်တွေ ခိုင်ဖို့ လာမယ့်နွေမှာ ကစားသမားတွေ တော်တော် များများ ရောင်းထုတ်ပစ်ဖို့ ရည်ရွယ်နေပါတယ်။ ရီးရဲလ် အရောင်းစာရင်းထဲမှာ ဟာဇက်၊ ဂျိုဗစ်တို့ ပါဝင်ပြီး လစာမြင့် ကစားသမားတွေ ဖြစ်တဲ့ ဘေးလ်၊ အစ္စကိုနဲ့ မာဆယ်လိုတို့ကိုလည်း နှုတ်ဆက်ဖို့ ရှိပါတယ်။

ဝုဗ် တောင်ပံတိုက်စစ်သမား ထရာအိုရေးကို ဗလင်စီယာ အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ထိ ရှိနေဆဲပါ။

ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာဟာ ထရိန်နင်မှာ ဒဏ်ရာ ရသွားတာကြောင့် ပြင်သစ်အသင်းကနေ နှုတ်ထွက် ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။ ပေါ့ဘာ ဒဏ်ရာက သီတင်းပတ် ၈ ပတ်ကနေ ၁ဝ ပတ်ထိ ပျောက်ကင်းဖို့ ကြာသွားနိုင်တယ် လို့ သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်ကနေ ချယ်ဆီး အငှားခေါ်ထားတဲ့ ကွင်းလယ်သမား ဆောနီဂွက်ဇ်ဟာ လန်ဒန်ကလပ်မှာ ပွဲကစားခွင့် သိပ်မရပေမယ့် ၎င်း အငှားခေါ်ယူမှုကို စောစောရပ်လိုက်မှာ မဟုတ်ဘဲ ရာသီကုန်ထိ ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ် က ဂျူဗင်တပ်ရဲ့ တိုက်စစ်မှုး ပစ်မှတ် စာရင်းထဲ မှာ ပါဝင်နေကြောင်း အီတလီသတင်းတွေက ဖော်ပြလာပါတယ်။ ဂျူဗီရဲ့ ရေဒါထဲမှာ အိုင်ကာဒီ၊ လာကာဇက်နဲ့ အခြား တိုက်စစ်သမားတွေလည်း ရှိနေပါတယ်။