နည်းပြတိုင်းကြိုက်မယ့် ချယ်ဆီး ကစားသမားအကြောင်း ထုတ်ပြောလာတဲ့ သောမက်စ် တူချယ်

ချယ်ဆီးမန်နေဂျာ တူချယ်က ပဲလေစ့်မှာ တောက်ပနေတဲ့ အငှားကစားသမားလေး ကော်နာ ကာလယ်ဂါရဲ့ အခြေအနေကို အထင်ကြီးနေပြီး လူငယ်လေးဟာ နည်းပြတိုင်း သဘောကျမယ့် ကစားသမားပါလို့ ထုတ်ပြောလာပါတယ်။

အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီ ပဲလေစ့်မှာ တောက်ပနေတာကြောင့် ချယ်ဆီးကို ပြန်လာရင် အခွင့်အရေး ရလိမ့်မယ်လို့ သတင်းကြီးနေတာပါ။ ဒီအပတ်မှာပဲ ကာလယ်ဂါဟာ အင်္ဂလန်လက်ရွေးစင်အဆင့် စီနီယာ ပွဲကစားခွင့်ကို ပိုင်ဆိုင်သွားခဲ့သေးတာ ဖြစ်ပါတယ်။

ဒီလို တောက်ပနေမှုကြောင့်ပဲ ချယ်ဆီးမှာ ကော်နာရဲ့ အနာဂတ်က ဘယ်လိုလဲလို့ မေးခွန်းထုတ်ခံရချိန်မှာ တူချယ်က ‘ ကော်နာရဲ့ အနာဂတ်အကြောင်း လူရှေ့မှာ ထုတ်ပြောဖို့ဆိုတာက အရမ်းကို စောလွန်းနေပါသေးတယ်။ သူ့ရဲ့ ရည်မှန်းချက်က ဘာလဲ၊ သူဘာကို လိုချင်သလဲဆိုတာကို ကျနေ်ာတို့ ဆွေးနွေးခဲ့မှုတွေကိုလည်း ထုတ်ပြောဦးမှာ မဟုတ်ပါဘူး။

နွေမှာ ကျနေ်ာတို့ ဆွေးနွေး စကားပြောခဲ့ပြီး သူ့ကို ပဲလေစ့်ထံ အငှားချပေးဖို့ကို သဘောတူညီခဲ့တယ်။ ဗီအဲရာကလည်း သူ့ကို လိုချင်ခဲ့တော့ ကျနေ်ာတို့ စကားပြောခဲ့ပါတယ်။ လက်ရွေးစင် မန်နေဂျာက သူ့ကို နှစ်သက်တာကိုလည်း ကျနော် မအံ့သြပါဘူး။ အသင်းမှာ ပထမဆုံး နေ့ရက်တည်းက သူ့ကို ကျနော် သဘောကျခဲ့တာပါ။

ရိုးသားပြီး အမြဲတမ်း ပြုံးရွှင်နေတဲ့ မျက်နှာထားရှိတဲ့၊ အမြဲတမ်း အစွမ်းကုန် ပေးဆပ်လိုပြီး တိုးတက်ဖို့ သင်ယူလိုစိတ်ရှိတဲ့ သူ့လို ကစားသမားကို သဘောမကျတဲ့နည်းပြရယ်လို့ မရှိနိုင်ပါဘူး။

အသင်းဖော်တွေအနေနဲ့လည်း သူနဲ့ တွဲဘက်ကစားရတာကို နှစ်သက်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူက ကူညီပေးသူပါ။ ဒီတော့ သူပလို ကောင်လေးကို ပိုင်ဆိုင်ထားပြီး အငှားချချိန်မှာ အလုပ်ဖြစ်နေတာကို ကျနော် တကယ်ကိုပဲ ပျော်ရွှင်မိပါတယ်။

အခုချိန်မှာတော့ သူ့ကို ဆက်ပြီး တိုးတက်လာစေဖို့၊ ပွဲကစားခွင့်တွေ ရနေစေဖို့ပါပဲ။ ကျန်တာကတော့ နောက်မှ ကျနေ်ာတို့ ဆုံးဖြတ်ပါမယ်။ ကျနေ်ာတို့ အလောတကြီး ဘာကိုမှ မလုပ်ပါဘူး ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ ထွက်နေပေမယ့်လို့ ကွင်းလယ်လူကို ချယ်ဆီးထံ ခပ်မြန်မြန် ပြန်ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။ ချယ်ဆီး ကစားသမားဟောင်းတွေကတော့ နော့ဝစ်ချ်မှ ဂေလ်းမားနဲ့ ပဲလေစ့်မှ ကော်နာတို့ကို ဇန်နဝါရီမှာ ပြန်လည် ခေါ်ယူပြီး အသင်း အင်အားကို ဖြည့်တင်းဖို့ တိုက်တွန်းမှုတွေ ရှိနေတာပါ။

တူချယ်က ‘ ဇန်နဝါရီမှာ ခပ်စောစောပဲ သူ့ကို ပြန်လည် ခေါ်ယူလိုက်ဖို့ကို ကျနော် မစဉ်းစားပါဘူး။ ဘာလို့လည်းဆိုတော့ သူပျော်နေတဲ့ နေရာမှာပဲ သူဆက်ရှိနေဖို့ လိုပါတယ်။ သူ့ကို ပဲလေစ့်မှာ ဆက်နေစေပြီး အပြောင်းအလဲတွေ လုပ်မှာ မဟုတ်ပါဘူး။

သူ့ရဲ့ ကစားသမားဘဝ ဒီလိုအဆင့်မှာ တည်ငြိမ်နေဖို့ လိုပါတယ်။ သူ ပဲလေစ့်မှာ ပျော်နေတယ်လို့ ခံစားရတယ်။ ဒီမှာရှိတဲ့ လူတိုင်းကလည်း သူ့အခြေအနေကို ပျော်နေပါတယ်။ သူက ပဲလေစ့်အတွက် သက်ရောက်မှုတွေ ရှိနေပြီး အခုချိန်မှာ တည်တည်ငြိမ်ငြိမ် ဆက်လုပ်ပြနေဖို့ပါပဲ ’ လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။