မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အက်သလက်တီကို မက်ဒရစ် ခံစစ်သမား ထရစ်ပီယာကို ခေါ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်မှာ ဖြစ်ကြောင်း စပိန် မာကာသတင်းက ဖော်ပြပါတယ်။ အင်္ဂလန်သားဟာ နွေတုန်းကလည်း အိုးထရက်ဖို့ဒ်သို့ ရောက်လုနီးပါး ရှိခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်လာခဲ့တာပါ။
ယူနိုက်တက်ဟာ ရိုးမားက စိတ်ဝင်စားနေတဲ့ သူတို့ ခံစစ်မှုး ဒီယေဂို ဒါလော့ကိုလည်း ထရစ်ပီယာကို ခေါ်နိုင်မှသာ ပြန် လက်လွှတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
သောမတ်စ် တူချယ်ဟာ ခရစ္စတယ်ပဲလေ့စ်မှာ အငှားထွက်ကစားရင်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ကော်နာ ဂလဲဟားကို အငှားဖျက်သိမ်းပြီး စောစော ပြန်ခေါ်ဖို့ မရှိသေးကြောင်း အသိပေးခဲ့ပါတယ်။

သရဲနီဟောင်း ပက်ဂျီဆန်ကတော့ ယူနိုက်တက်ဟာ ရာသီကုန်ထိ နည်းပြ ဆိုးရှားကို ကိုင်တွယ်ခွင့် ပေးသင့်ကြောင်း ရှင်းပြ တိုက်တွန်းသွားခဲ့ပါတယ်။
တူရကီကလပ် ဂါလာတာစာရေးဟာ အာဆင်နယ် ကွင်းလယ်ကစားသမား အယ်နီနီ ကို ခေါ်ယူဖို့ ကြိုးပမ်းမှု အရှိန်မြှင့်လာပြီလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ လာမယ့် ၁၂ လအတွင်း မိုဟာမက် ဆာလာအတွက် လုံးဝ ရူးလောက်တဲ့ ကမ်းလှမ်းမှုကြီးတွေ ရရင် ရောင်းချသွားနိုင်တယ်လို့ ဂလင်း ဂျွန်ဆင်က သုံးသပ်လိုက်ပါတယ်။
ချယ်ဆီး ကြယ်ပွင့်ဟောင်း အီဒင်ဟာဇက်ဟာ လက်ရှိကလပ် ရီးရဲလ်မက်ဒရစ်မှာ မပျော်ရွှင် ဖြစ်နေကြောင်း ဘယ်လ်ဂျီယံအသင်း မန်နေဂျာ မာတီနက်ဇ်က ဖော်ထုတ်လိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချယ်ဆီးခံစစ်မှုး ရူဒီဂါကို ခေါ်ယူဖို့ ကြိုးစားမှု အဆင့် မြှင့်တင်တော့မယ်လို့ သိရပါတယ်။ ရူဒီဂါရဲ့ စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း စောင့်ကြည့်နေပါတယ်။
ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ ဇန်နဝါရီမှာ ပေါင် ၁ဝ သန်းနဲ့ ဝက်စ်ဟမ်းအသင်းထံ ပြောင်းရွှေ့သွားဖို့ ရှိနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြထားပါတယ်။
