သူ့လူစာရင်း ဆိုတဲ့ ကားရစ်၊ ရန်းနစ် ကြံ့ကြာမှု၊ ဒေါသကြီးနေတဲ့ ရော်နယ်ဒိုနဲ့ မန်ယူနိုက်တက် သတင်းများ

ယူနိုက်တက် ခံစစ်မှုး အဲရစ်ဘိုင်လေကတော့ အသင်းဟာ ယူနိုက်တက်အသင်းသားတွေဟာ မန်နေဂျာသစ် က ရန်နစ် ဖြစ်လာဖို့ ရှိကြောင်း အသိပေးချက် ရရှိထားပြီလို့ ချယ်ဆီးနဲ့ ပွဲ အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးနဲ့ သရေပွဲ အပြီးမှာ ကားရစ်က ယူနိုက်တက် အသင်းသားတွေအတွက် ဂုဏ်ယူကြောင်း ပြောဆိုလိုက်ပေမယ့် ရွိုင်ကိန်းကတော့ ဆိုးရှားလက်ထက်တည်းက ကားရစ်လည်း အတူ လပေါင်းများစွာ ကိုင်တွယ်လာတဲ့ ကစားသမားတွေကို ခုချက်ချင်းကြီး ဂုဏ်ယူသွားရလားလို့ ခပ်ရွဲ့ရွဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။

ရန်းနစ်ဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် တရားဝင် လာရောက် ထမ်းဆောင်ဖို့မှာ ဗီဇာ ကိစ္စကြောင့် ကြံ့ကြာနေရပြီး ကားရစ်ပဲ ပွဲအနည်းငယ် ဆက်လက် တာဝန်ယူရဖွယ် ရှိပါတယ်။

မိုက်ကယ်ကားရစ်ကတော့ ချယ်ဆီးကို သရေကျတဲ့ပွဲက ယူနိုက်တက်ရဲ့ အခင်းအကျင်းဟာ ရန်းနစ်ရဲ့ ညွှန်ကြားချက်တွေ မပါဝင်ခဲ့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပွဲထွက်မှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာကြောင့် ယူနိုက်တက် မန်နေဂျာလောင်းရဲ့ ကြိုးကိုင်မှုတွေ ပါဝင်နေသလား ပြောဆိုမှုတွေ ရှိခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က နည်းပြ ဆိုးရှား ထုတ်ပယ်ခံရခြင်း အတွက် အပြစ်မကင်းသလို ခံစားနေရကြောင်း ဝန်ခံလိုက်ပြီး နော်ဝေသား မရှိတဲ့နောက် ကိစ္စတွေက ပိုပြီး ခက်ခဲလာတော့မယ် ဆိုတာလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ကိုယ်ပိုင် ဒီအန်အေ ရှိပြီးသား ဖြစ်ပြီး ဒါကို နည်းပြသစ် ဖြစ်လာမယ့် ရန်းနစ်က ပြောင်းလဲ ပစ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ယာယီနည်းပြ ကားရစ်က ဆိုပါတယ်။

အင်္ဂလန်က သတင်းတွေ အရ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတော့မယ့် ရန်းနစ်ဟာ လာမယ့် ဇန်နဝါရီမှာ လိုက်ပ်ဇစ် ကွင်းလယ် ကစားသမား ဟိုင်ဒါရာကို ခေါ်ယူလာဖို့ စိတ်ဝင်စားနေကြောင်း ဖော်ထုတ်ထားပါတယ်။

ချယ်ဆီးနဲ့ ပွဲမှာ ပွဲထွက်က ချန်လှပ်ခံခဲ့ရပြီး ဒုတိယပိုင်းမှ လူစားဝင် ကစားရတဲ့ ရော်နယ်ဒိုဟာ ပွဲအပြီးမှာ အသင်းဖော်တွေ၊ ပြိုင်ဘက်အသင်းသားတွေကို နှုတ်မဆက်တဲ့ အပြင် ကားရစ်ကိုပါ မသိကျိုးကျွံပြုကာ ဥမင်ထဲ ဒေါသတကြီး ဝင်သွားခဲ့တာ တွေ့ရပါတယ်။