ဘလွန်းဒီအော ဆုကတော့ ဒီနေ့ နိုဝင်ဘာ ၂၉ ည မှာ ကြေငြာတော့မှာ ဖြစ်ပြီး ဒီဆု ရဖို့ ရေပန်းအစားဆုံး ၅ ဦးထဲမှာ ချယ်ဆီးမှ ဂျော်ဂျင်ဟို ပါဝင်နေပါတယ်။
ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းကတော့ ယူနိုက်တက်ကို သရေကျလိုက်တာက ၎င်းတို့အတွက် အရေးကြီးတဲ့ ၂မှတ် လျော့သွားတာ ဖြစ်တယ်လို့ မချင့်မရဲ ဆိုခဲ့ပါတယ်။ အိုဒွိုင်းဟာ ထိုပွဲမှာ အပိုင်အခွင့်အရေးတချို့ ဖြုန်းခဲ့ပါသေးတယ်။
ချယ်ဆီး ခံစစ်သမား ရူဒီဂါက ယူနိုက်တက်နဲ့ ပွဲ နောက်ဆုံးမိနစ်မှာ ရခဲ့တဲ့ တကယ့် ရွှေအခွင့်အရေးကို လွဲချော်ပြီး ဂိုးမသွင်းနိုင်ခဲ့တဲ့ အတွက် အားမရ ဖြစ်နေပြီး သူ ဂိုးသွင်းနိုင်ခဲ့သင့်ကြောင်း တွစ်တာမှာ ဝန်ခံ ပြောဆိုထားပါတယ်။
ယူနိုက်တက်နဲ့ ပွဲမှာ ဆန်ချို ဂိုးသွင်းသွားတဲ့ အချိန် ဂျော်ဂျင်ဟို အမှားက ပုံမှန် အီတလီသား လုပ်လေ့ မရှိတဲ့ အမှားမျိုး ဖြစ်ပြီး ကွင်းထဲက မီးရောင်တွေကြောင့် ဂျော်ဂျင်ဟို မျက်စိမှားသွားပုံရကြောင်း နည်းပြ တူချယ်က ဆင်ခြေပေးခဲ့ပါတယ်။
ချယ်ဆီး ပွဲထွက် လူစာရင်းမှာ လူကာကူ မပါဝင်တာက ဘယ်လ်ဂျီယံသား ကြံ့ခိုင်မှု မပြည့်သေးလို့သာ ဖြစ်ပြီး လူကာကူ သာ အသင့် ဖြစ်နေရင် ပွဲထွက်ကနေ သေချာပေါက် ထည့်သွင်းမှာ ဖြစ်ကြောင်း တူချယ်က ဆိုခဲ့ပါတယ်။ လူကာကူ က ယူနိုက်တက်နဲ့ ပွဲမှာ ပွဲချိန် ၈၂ မိနစ်မှာ တီမိုဗာနာနဲ့ လူစားလဲကာ ဝင်ကစားခဲ့ပါတယ်။

ချယ်ဆီး အငှားထွက် ကစားသမား ဘီလီ ဂေးလ်မားဟာ ဒင်းစမစ် နောဝစ်ချ် နည်းပြ ဖြစ်လာပြီးနောက် အသင်းမှာ ပုံမှန် ကစားခွင့်ရလာတာကြောင့် ဝမ်းမြောက်နေပါတယ်။
ဥရောပ ချန်ပီယံ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ ဒီဇင်ဘာလထဲမှာ ဖီဖာကလပ်များ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ရဦးမှာ ဖြစ်ပြီး ထိုပြိုင်ပွဲမှာ ချယ်ဆီးနဲ့ အတူ ဘရာဇီးမှ ချန်ပီယံ Palmeiras အပြင် Al Hilal, Al Ahly, Monterrey, Auckland City, and Al Jazira Club စတဲ့ ကလပ်တွေ ပါဝင်ကြမှာပါ။
