ဘလွန်းဒီအော့မှာ ဆာလာ အဆင့် မကောင်းခြင်းအတွက် မေးခံရမှုကို ကလော့ပ် တုန့်ပြန်

မိုဆာလာဟာ တနင်္လာနေ့က ဘလွန်းဒီအော ဆုပေးပွဲမှာ အဆင့် ၇ သာ ရရှိခဲ့တာကြောင့် အံ့အားသင့်မိခဲ့တယ်လို့ ယာဂင်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

ဆာလာဟာ မနှစ်တုန်းက ထိပ်တန်း ဂိုးသွင်းစွမ်းရည်တွေ ပြသခဲ့သလို ဒီရာသီမှာလည်း လီဗာပူးအတွက် ၁၉ ပွဲမှာ ၁၉ ဂိုးသွင်းယူခဲ့ပြီး အံ့အားသင့်စရာ ရာသီအစကို ရရှိထားပေမယ့် ဘလွန်းဒီအောမှာ အဆင့် ၇ သာ ရရှိခဲ့တာပါ။ အီဂျစ်သားရဲ့ အဆင့်က မကောင်းပေမယ့် သူ့ရဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး ကလော့ပ်က လုံးဝ သံသယမရှိနေတာ ဖြစ်ပါတယ်။

ဘလွန်းဒီအောဆုကို မက်ဆီရခဲ့တဲ့အပေါ်မှာနဲ့ ဆာလာ နံပါတ် ၇ နေရာမှာပဲ ရှိတဲ့အပေါ် ထင်မြင်ချက်ပေးဖို့ မေးခံရချိန်မှာ ကလော့ပ်က ဒီဆုပေးပွဲက သူ့လို နည်းပြတစ်ယောက်နဲ့ မဆိုင်ဘဲ မေးစရာရှိရင် ဂျာနယ်လစ်တွေ အချင်းချင်းပဲ မေးကြဖို့ တုန့်ပြန်ခဲ့ပါတယ်။

“ ဘလွန်းဒီအောက ဆာလာရဲ့ အဆင့်ကို မြင်တော့ ကျွန်တော် အံ့ဩမိခဲ့တယ်။ ဘလွန်းဒီအောဆုအတွက် ဂျာနယ်လစ်တွေက မဲပေးကြရတာပါ။ ဆာလာက ပိုမြင့်တဲ့အဆင့်မှာ ရှိနေသင့်တယ်လို့ ထင်ရင် ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ယုံကြည်အောင် ဆွဲဆောင်ပြီး မဲပေးကြဖို့ တိုက်တွန်းသင့်တာပါ။

လီယွန်နယ်မက်ဆီရဲ့ ကစားသမားဘဝတစ်လျှောက် လုပ်ခဲ့တာတွေအတွက် အမြဲတမ်းကို သူ့ကို ပေးလို့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ ရောဘတ် လီဝန်ဒေါစကီးကို မပေးရင် သူ ဘယ်တော့မှ ရမှာ မဟုတ်တော့ဘူး။ ပြီးတော့ မိုဆာလာကလည်း သေချာပေါက် ပိုပြီးမြင့်တဲ့အဆင့်မှာ ရှိနေသင့်တာပါ”လို့ ကလော့ပ်က ဆိုပါတယ်။

မက်ဆီက ဆုရရှိပြီးနောက်မှာ ဆာလာနဲ့ လီဝန်ဒေါစကီးတို့ကို အနာဂတ်မှာ ဘလွန်းဒီအော အောင်မြင်မယ့်သူတွေအဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ ဆာလာက လာမယ့်နှစ်တွေမှာ အခွင့်အရေး ရရှိပါလိမ့်မယ်။ ဆာလာနဲ့ လီဝန်ဒေါစကီး ကစားသမားနှစ်ယောက်လုံးက အခုချိန်မှာ အကောင်းဆုံးအနေအထားမှာ ရှိနေပြီး ဒီဆုကို အောင်မြင်ဖို့ အခွင့်အရေးတွေပိုရလာပါလိမ့်မယ်။

ဒီစံချိန်က ချိုးခံရနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ဒါက ကျွန်တော် လက်ခံရမှာပဲ။ ဒါပေမယ့် ချိုးနိုင်မလား၊ မချိုးနိုင်လားဆိုတာတော့ သေချာမသိပါဘူး”လို့ မက်ဆီက ပြောကြားခဲ့တာဖြစ်ပါတယ်။