ဘိုင်ယန်မြူးနစ်ပွဲအတွက် အကျိုးဖြစ်နိုင်ဖွယ် သတင်းတစ်ခုကို ရရှိသွားတဲ့ ဘာစီလိုနာ

နောက်တစ်ပတ် ဘိုင်ယန်မြူးနစ်နဲ့ အဝေးကွင်းမှာ ကစားရမယ့် ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ပွဲကို ဘာဗေးရီးယားပြည်နယ်က ကိုဗစ်ရောဂါ အခြေအနေတွေကြောင့် ပရိသတ်တွေမပါပဲ ကစားသွားမှာ ဖြစ်ပါတယ်။

အုပ်စုတွင်း ဘိုင်ယန်နောက် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘာကာဟာ ဒီဇင်ဘာ ၈ ရက်ကျရင် အလိုင်းယန့်ဇ် အေရီနာမှာ ဂျာမန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ အခုလို အဝေးကွင်းပွဲမှာ ပရိသတ်မပါဘဲ ကစားရမှာဖြစ်ခြင်းက အနိုင်ရဖို့ လိုအပ်နေတဲ့ ဘာစီလိုနာအတွက်တော့ ကွင်းထဲက ဖိအားတွေ လျော့ကျသွားဖို့ ရှိနေပါတယ်။

“ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာပွဲကို တံခါးပိတ် ကျင်းပသွားမှာပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ဘာဗေးရီးယား ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး တိုးပွားလာမှုကြောင့် ချန်ပီယံလိဂ် အုပ်စု ၆ ပွဲမြောက်ကို ကွင်းထဲမှာ ပရိသတ်တွေ မပါပဲ ကစားရမှာ ဖြစ်ပါတယ်” လို့ စပိန်ကလပ်က ကြေညာခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာ လိုက်ပ်ဇစ်အသင်းနဲ့ အဝေးကွင်းပွဲ ကစားရမယ့် မန်စီးတီးပွဲကိုလည်း အလားတူ လော့ဒေါင်းပြဿနာကြောင့် တံခါးပိတ် ကစားရမှာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ (မိန့်ဇ်)၊ ဒီဇင်ဘာ ၁၇ ရက်နေ့ (ဝုဖ်စဘက်) တို့နဲ့ ကစားရမယ့် ဘွန်ဒက်စ်လီဂါပွဲတွေကိုလဲ တံခါးပိတ်ကစားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

“အလိုင်းယန့်ဇ်အေရီနာမှာ လူမရှိတဲ့ ပွဲကြည့်စင်ရှေ့ ထပ်မံကစားရမှာက ခက်ခဲပါတယ်။ ဘဏ္ဍာရေး အကျိုးဆက်တွေအကြောင်း ထည့်မပြောရင်တောင် ပရိသတ်တွေမရှိတဲ့ ဘောလုံးပွဲက ပြည့်ပြည့်ဝဝ လှပမှုမရှိပါဘူး။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျွန်တာ်တို့ လက်ခံရမှာပါ”လို့ ဘုတ်အဖွဲ့ဝင် ဂျန်ဒရီးဆင်က ပြောကြားခဲ့ပါတယ်။

ဂျာမန်အစိုးရဟာ ကိုဗစ်ကူးစက်ခံရမှုတွေ မြင့်တက်လာတဲ့ကြားက အားကစားပွဲတွေအတွက် ကန့်သတ်ချက်တွေကို ကြာသပတေးနေ့မှာ ပြန်လည်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဘွန်ဒက်စ်လီဂါပွဲတွေမှာ ပရိသတ် ၅၀ ရာခိုင်နှုန်း၊ အများဆုံး ၁သောင်းခွဲထိသာ ကြည့်ခွင့်ရနိုင်တယ်လို့ သတ်မှတ်ပေးခဲ့တာပါ။

ကိုဗစ် စတုတ္ထလှိုင်းဟာ ကျန်းမာရေးအထူးစောင့်ရှောက်မှုတွေအတွက် အန္တရာယ်ရှိလာမှာကို ဂျာမန်အာဏာပိုင်တွေဟာ စိုးရိမ်နေပြီး သောကြာနေ့မှာ နိုင်ငံအတွင်း လူနာသစ် ၇၄,၃၅၂ ယောက်နဲ့ သေဆုံးသူ ၃၉၀ အထိ မှတ်တမ်းရှိခဲ့တာ ဖြစ်ပါတယ်။

အိုမီခရွန်ပိုးအသစ် ကူးစက်ခံထားရတဲ့သူ နှစ်ယောက်ကိုလည်း ဂျာမန်တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်အတွင်း ပြီးခဲ့တဲ့အပတ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။