ရက်ဖ်ရန်းနစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိအခြေအနေကို အရှိန်မြှင့်တင်ဖို့ အိုလီဂန်နာဆိုးရှားနဲ့ ဖုန်းအကြာကြီး ပြောဖြစ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဆိုးရှားကို ထုတ်ပယ်ခဲ့ပြီးနောက် ရန်းနစ်ဟာ လက်ကျန်ရာသီအတွက် ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ဆိုးရှားလက်အောက် နောက်ဆုံးလ အနည်းယ်အတွင်း ယူနိုက်တက်ရဲ့ ခြေစွမ်းက ဆိုးဆိုးရွားရွား ကျဆင်းခဲ့ပြီး ပရိးမီးယားလိဂ် ၇ ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်က ကလပ်ကို ယာယီတာဝန်ယူခဲ့တဲ့ ၃ ပွဲအတွင်း ၂ ပွဲနိုင်၊ ၁ ပွဲသရေ ကျခဲ့ပေမယ့် တနင်္ဂနွေနေ့ ပဲလေ့စ်ကို အနိုင်ရစဉ်မှာတော့ ရန်းနစ်က ကိုင်တွယ်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြသစ်ဟာ ကစားသမားတွေအကြောင်း အသေးစိတ် အချက်အလက်တွေ သိရဖို့ နည်းပြဟောင်း ဆိုးရှားနဲ့ စကားပြောဆိုခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော် ချယ်ဆီးနဲ့ပွဲမတိုင်ခင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အိုလီနဲ့ ၂ နာရီနီးပါးလောက် စကားပြောဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်နဲ့ ဖုန်းထဲမှာ တစ်နာရီခွဲကျော်ကျော်လောက် ရက်ရက်ရောရော အချိန်ပေးခဲ့ပြီး အသင်းရဲ့ အတွင်းရေးအကြောင်းကို အသေးစိတ် ပြောပြခဲ့ပါတယ်”လို့ ရန်းနစ်က ဆိုပါတယ်။
ယူနိုက်တက်အတွက် သူ့ရဲ့ ရည်မှန်းချက်က ပွဲတွေမှာ ပိုပြီး ထိန်းချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ရန်းနစ်က ဖွင့်ဟခဲ့ပေမယ့် အလုပ်ရှုပ်တဲ့ ဆောင်းရာသီပွဲဆက်တွေက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

“ ဘောလုံးအားကစားက ထိန်းချုပ်ပုံက အဓိကပါပဲ။ ပွဲတွေကို အနိုင်ရချင်ရင် တခြားအသင်းက ဘောလုံးရရ၊ ကိုယ့်အသင်းက ဘောလုံးရရ ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ အသင်းအတွက် ပွဲကိုထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ ဒါက နောက်လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အဓိက ပစ်မှတ်တစ်ခု ဖြစ်နိုင်ပါတယ်။
လီဗာပူး၊ မန်စီးတီးတို့နဲ့ ပွဲတွေကို ကျွန်တော်ကြည့်ခဲ့တယ်။ ချယ်ဆီးနဲ့ပွဲမှာ ကျွန်တော်တို့ တစ်မှတ်ရခဲ့ပေမယ့် ဝက်ဖို့ဒ်လို အသင်းမျိုးနဲ့တောင် ပွဲကို မထိန်းချုပ်ထားခဲ့ဘူး။ ဒီပြဿနာကို နောက်ပွဲတွေမှာ ပြင်ဆင်ဖို့ကြိုးစားသွားမှာပါ။ ဒါက ကျွန်တော်တို့ဆီမှာ ဘောလုံးရှိတဲ့အခါ လုပ်ရမယ့်အရာဖြစ်သလို တခြားအသင်းက ဘောလုံးရသွားရင်လဲ လုပ်ရမယ့်အရာပဲ။
အဲ့ဒီ့အပိုင်း ၂ ပိုင်းက နောက်လာမယ့် ရက်သတ္တပတ်တွေမှာ တိုးတက်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ တခုရှိတာက ကျွန်တော်တို့မှာ လေ့ကျင့်ချိန် အများကြီးရမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၃ ရက်တိုင်း တစ်ပွဲကစားရမှာဖြစ်ပါတယ်။
ဒါကြောင့် အသင်းကို တိုးတက်အောင်လုပ်ဖို့၊ လေ့ကျင့်ပေးဖို့နဲ့၊ တချိန်ထဲမှာပဲ ကစားသမားတွေကို မှန်ကန်တဲ့အရာတွေလုပ်နိုင်အောင် တွန်းအားပေးဖို့ ဗီဒီယိုတွေကို အသုံးပြုသွားရမှာပါ။ ”လို့ ရန်းနစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
