ဟာလန်း၊ ပေါ့ဘာ ကိစ္စတွေအတွက် အီတလီမှာ ရွိုင်အိုလာနဲ့ စကားပြောနေတဲ့ ဘာကာ ဥက္ကဋ္ဌ

ဘာစီလိုနာ ဥက္ကဋ္ဌဖြစ်သူ လာပေါ်တေးဟာ သူတို့အသင်းနဲ့ သတင်းတွေထွက်ထားတဲ့ ဟာလန်း၊ ပေါ့ဘာတို့ရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ တွေ့ဆုံ စကားပြောမှုတွေ လုပ်ခဲ့ပါတယ်။

ဘဏ္ဍာရေး ပြဿနာတွေရှိနေပေမယ့်လို့ ဘာစီလိုနာဟာ နွေမှာ အဆိုပါ ထိပ်တန်း ကစားသမား နှစ်ဦးကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဟာလန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းဖြင့် ကမ်းလှမ်းလို့ရနိုင်မှာဖြစ်ပြီး ပေါ့ဘာကိုတော့ အလွတ်ဖြင့် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ဆိုင်ရာ ဂုရုကြီး ရိုမန်နိုကပဲ လာပေါ်တာဟာ အီတလီက ဟိုတယ်တစ်ခုမှာ ရွိုင်အိုလာဖြင့် တွေ့ဆုံစကားပြောနေတယ်လို့ ဖော်ပြသွားခဲ့တယ်။ ဘာစီလိုနာဟာ အပြောင်းအရွှေ့ ကိစ္စတွေမှာ အတော်လေး လှုပ်ရှားနေပေမယ့် သူတို့အသင်းမှာ ရှိနေတဲ့ များစွာသော ကြွေးမှီတွေကြောင့် ဘယ်လို စီမံမလဲဆိုတာ စောင့်ကြည့်ခံနေရတာဖြစ်တယ်။

ဟာလန်း ပြောင်းရွှေ့နိုင်တဲ့ ကလပ်တွေအဖြစ် ” ဘိုင်ယန်၊ ရီးရဲလ်၊ ဘာစီလိုနာ၊ မန်စီးတီးတို့ပေါ့။ ဒီအသင်းတွေက သူ သွားနိုင်တဲ့ ကြီးမားတဲ့ ကလပ်တွေပါပဲ။ စီးတီးဟာ လွန်ခဲ့တဲ့ နှစ်အငယ်အတွင်း ယူနိုက်တက်ထက် အများကြီး ပိုမိုအောင်မြင်ခဲ့ပြီး ဖလား ၅ လုံး ရရှိခဲ့ပါတယ်။

ဒေါ့မွန်ကို သူပြောင်းရွှေ့ခဲ့ချိန်တည်းက ဒီလိုအဆင့်ကို သူရာက်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိခဲ့ပြီးသားပါ ” လို့ ရိုင်အိုလာက ဖြေကြားထားခဲ့တာပါ။

မန်စီးတီး ကစားသမားဟောင်း အက်ဖ်အင်း ဟာလန်းရဲ့ သားဖြစ်သူ လိဒ်စ်ဖွား အာလင်း ဟာလန်းဟာ ၂၀၂၄ နွေရာသီမတိုင်ခင်အထိ ဂျာမန်ကလပ်နဲ့ စာချုပ်ရှိထားပေမယ့် ဒေါ့မွန်နဲ့အတူ သူ့အနာဂတ်အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း ရိုင်အိုလာက အတည်ပြုခဲ့တာပါ။

“ ကျွန်တော်တို့ရဲ့ စိတ်ကူးကို ဒေါ့မွန်ကို ပြောပြသွားမှာပါ။ ဒေါ့မွန်ကလည်း သူတို့ရဲ့ စိတ်ကူးအကြံတွေကို ကျွန်တော်တို့ကို ပြောပြလိမ့်မယ်။ ဒါပေမယ့် ဆောင်းရာသီမှာ ဘာဆုံးဖြတ်ချက်မှ ချမှာ မဟုတ်ပါဘူး။

သူက တိုးတက်ချင်ပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေနေတဲ့လူပါ။ ဒါက တခြားရွေးချယ်စရာကို ရှာဖွေတာလဲ ဟုတ်ပါတယ်။ မင်းမှာ ပိုကောင်းတဲ့ ရွေးချယ်စရာရှိမှပဲ ပြောင်းလဲနိုင်မှာပါ ” လို့ ရိုင်အိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။