ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရေးမှာ နောက်ဆုတ်သွားတာတော့ မဟုတ်ဘဲ လူသိရှင်ကြား အတင်း ဝင် ကြိုးစားတာမျိုး မလုပ်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ကြောင်း စပိန် မာကာ သတင်းဌာနက ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်က ဘန်ဇီမာ နေရာ အစားထိုးဖို့ အမ်ဘတ်ပီကိုသာ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးလို့ ထွက်ခွာလာမယ့် ခံစစ်မှုး ရူဒီဂါကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ချယ်ဆီးကလည်း ရူဒီဂါ နေရာအတွက် လက်စတာမှ ဖိုဖာနာကို ချိန်ရွယ်နေပါတယ်။

ဒီဂါကို ပီအက်စ်ဂျီ အသင်းကလည်း ခေါ်ယူဖို့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း ပြင်သစ် သတင်းဌာနတွေက ဖော်ပြ လာပါတယ်။ ရူဒီဂါ က ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြည်ပကလပ်တွေနဲ့ သဘောတူညီမှု ကြိုတင် ရယူနိုင်ပြီ ဖြစ်ပါတယ်။
ခရစ္စတန်ဆန်ဟာ အင်တာမီလန် အသင်းနဲ့ နှစ်ဘက်သဘောတူ စာချုပ် ဖျက်သိမ်းသွားဖို့ ရှိကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ ယူရိုပြိုင်ပွဲနောက်ပိုင်း နှလုံး ထိခိုက်မှု ရှိတာကြောင့် မကစားနိုင်ဘဲ ပျက်ကွက်နေခဲ့တာပါ။ အီတလီမှာက နှလုံးခုန်စက်နဲ့ ဘောလုံးကစားခွင့် မရှိပါဘူး။
မန်စီးတီးနဲ့ အက်သလက်တီကို ကစားသမားဟောင်း လက်ရှိ ဘာစီလိုနာ တိုက်စစ်မှုး အဂွယ်ရိုဟာ နှလုံးကျန်းမာရေး မကောင်းတာကြောင့် ဘောလုံး ကစားခြင်းက အနားယူပြီ ဖြစ်တယ်လို့ တရားဝင် ကြေငြာသွားခဲ့ပါတယ်။
မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း လက်ရှိ ဒါဘီနည်းပြ ဝိန်း ရွန်းနီ ဟာ အဲဗာတန် အသင်းမှာ ဘင်နီတက်ဇ် နေရာ အစားထိုး ဆက်ခံမယ့် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ကို အက်သလက်တီကို မက်ဒရစ်က ခေါ်ယူလိုနေပြီး ကစားသမား အလဲအထပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက်နဲ့ အက်သလက်တီကိုတို့ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ ပြိုင်ဘက် အဖြစ် တွေ့ဆုံနေပါတယ်။

ဘာစီလိုနာ အသင်းဟာ ချယ်ဆီ ဘယ်စွန်ခံစစ်သမား လူငယ်လေး အီရန် မက်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ လက်ရှိမှာ ကွန်ဗန်ထရီကလပ်မှာ အငှား သွားရောက် ကစားနေတာပါ။
ပီအက်စ်ဂျီ အသင်းဟာ ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်သမား ကင်စလေ ကိုးမန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ခက်နေပါတယ်။
