စပါးဟာ ဒယ်လီ အလီအတွက် ကမ်းလှမ်းလာမှာတွေကို လက်ခံစဉ်းစားလိုနေပြီး နယူးကာဆယ်အသင်းကလည်း အင်္ဂလန်သား ကွင်းလယ်လူနဲ့ ပတ်သက်ကာ ကနဦး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပေါလ်ပေါ့ဘာဟာ ဒီနွေရာသီမှာ စာချုပ်သက်တမ်းကုန်တဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေသလို ယူနိုက်တက်ဟာ သူ့နေရာကို အစားထိုးဖို့ ပစ်မှတ်ကစားသမားတွေ ရှာဖွေနေပါတယ်။
ဘာစီလိုနာဟာ အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူဖို့ စဉ်းစားနေပေမယ့် အသက် ၃၂ နှစ်အရွယ် ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခလစာက အပြောင်းအရွှေ့အတွက် အတားအဆီး ဖြစ်နေပါတယ်။

ခံစစ်မှုး ဂျိုး ဂိုမက်ဇ်ဟာ ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းမျိုး မပြနိုင်သေးပေမယ့် ၎င်းကို ရောင်းထုတ်မှာ မဟုတ်ဘဲ စိတ်ရှည်စွာ အချိန်ပေးဦးမှာ ဖြစ်ကြောင်း နည်းပြ ကလော့ပ်က ဆိုပါတယ်။
အန်တိုနီယို ရူဒီဂါကို ခေါ်ချင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကြောင့် ချယ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာဟီမိုဗစ်က စိတ်တိုနေပြီး စပိန်ကလပ်ထံကနေ အီဒင်ဟာဇက်ကို ပြန်ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို ရပ်ဆိုင်းဖွယ် ရှိတယ်လို့ သတင်းထွက်လာပါတယ်။
လီဗာပူး နောက်ခံလူ နေသန်နီရယ် ဖီးလစ်စ်ဟာ ဒဏ်ရာရရှိနေပေမယ့် ဝက်စ်ဟမ်း ယူနိုက်တက်က သူ့ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းဖို့ ပြင်ဆင်နေပါတယ်။
ဝက်စ်ဟမ်းဟာ ဆားဘီးယား နောက်ခံလူ မီလန်ကိုဗစ်ကို ခေါ်ယူနိုင်ဖို့အတွက် ဖီအိုရင်တီးနား အသင်းပိုင်ရှင်တွေနဲ့ သဘောတူညီမှု ရဖို့ မျှော်လင့်နေပါတယ်။
ဖီအိုရင်တီးနားဟာ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေ စောင့်ကြည့်နေတဲ့ ဆားဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ရဲ့ တန်ကြေး ကိုလည်း ယူရို သန်း ၁၀၀ သတ်မှတ်ထားပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ တိုက်စစ်မှူး မာရှယ်အတွက် ယူနိုက်တက်နဲ့ အလဲအထပ်လုပ်ဖို့ ကြိုးစားကြည့်ချင် နေပါတယ်။ ယူနိုက်တက်ဟာ အက်သလက်တီကိုမှ ခံစစ်မှုး ထရစ်ပီယာကို ပြီးခဲ့တဲ့နွေက အလိုရှိခဲ့ပါတယ်။

ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ လီဗာပူး၊ မန်စီးတီးနဲ့ စပါးတို့အားလုံးဟာ ပြင်သစ် ဘယ်အစွန်လူ အိတ်နိုရီကို စောင့်ကြည့် နေကြပေမယ့် ဝုဗ်ဟာ စာချုပ်ပါ သဘောတူညီမှုအရ သူ့ကို ရောင်းချရင် ပြောင်းရွှေ့ကြေး တစ်ဝက်သာ ရရှိမှာ ဖြစ်ပါတယ်။
နောက်ခံလူ ဂစ်ဘ်ဆန်အနေနဲ့ ဒဏ်ရာကနေ ပြန်လာတဲ့အခါ အသင်းမှာပဲ ဆက်လက်ပြီး အငှားကစားသင့်လားဆိုတာနဲ့ ပတ်သက်လို့ အဲဗာတန်နဲ့ ဆွေးနွေးသွားမယ်လို့ ရှက်ဖီး ဝမ်းနက်စ်ဒေး နည်းပြ ဒါရန်းမိုးက အတည်ပြုခဲ့ပါတယ်။
ဘာစီလိုနာဟာ ချန်ပီယံရှစ် ကိုဗင်ထရီမှာ တစ်ရာသီအငှားကစားနေတဲ့ ချယ်ဆီးရဲ့ ဘယ်အစွန်လူ အီရန် မတ်ဆန်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရာသီကုန်မှာ အန်ဖီးကနေ ထွက်ခွာတော့မယ့် လီဗာပူး အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ် ကို ခေါ်ယူခန့်အပ်ဖို့ ချဉ်းကပ်မှု လုပ်ခဲ့ပါတယ်။
