၅နှစ်စောင့်ခဲ့တဲ့ ထရန့်၊ အူဘာကို အချောင်နှိုက်မှာ စိတ်ပူနေခြင်း၊ ယူနိုက်တက်နဲ့ နီးစပ်တဲ့ ရူဒီဂါနဲ့ နေ့လည်ခင်း သတင်းများ

နယူးကာဆယ်နဲ့ ပွဲမှာ ပွဲသိမ်း အနိုင်ဂိုး သွင်းခဲ့တဲ့ လီဗာပူး ခံစစ်သမား ထရန့် အလက်ဇန်းဒါး အာနိုးက ဒီလို ဂိုးမျိုး သွင်းဖို့ ၅နှစ်လောက် စောင့်ခဲ့ရတာ ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ ထရန့်က ဧရိယာထိပ် ၂၅ ကိုက် အကွာကနေ လှလှပပ အဝေးကန်ချက်နဲ့ ဂိုးသွင်းခဲ့တာပါ။

အာဆင်နယ်ဟာ အူဘာမီယန်ကို အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်လိုက်တာကြောင့် ပြိုင်ဘက်တွေက သူ့ကို အချောင်နှိုက်ပြီး ဈေးပေါပေါနဲ့ ခေါ်ယူနိုင်မယ်လို့ ထင်သွားမှာမို့လို့ ကလပ်အတွက် ဘဏ္ဍာရေးအရ ထိခိုက်လာစေမှာကို စိုးရိမ်နေပါတယ်။

လောလောဆယ်မှာ အူဘာမီယန်ကို ဘာစီလိုနာ က စိတ်ဝင်စားနေပြီး အပြီး ဝယ်ဖို့တော့ ငွေ မရှိတာကြောင့် ရာသီ ဝက် အငှားနဲ့ ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိနေပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေး ကြပ်တည်းမှု ဆိုးဝါးနေတဲ့ အပြင် ယခင် အရစ်ကျ ဝယ်ထားတဲ့ ကြွေးမြီတွေကိုလည်း ဆက် ပေးနေရတုန်းပါ။

ပီအက်စ်ဂျီဟာ ၂ပတ်ကျော်ကာလအတွင်း ဥရောပအသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တော့မယ့် ချယ်ဆီးနောက်ခံလူ ရူဒီဂါအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ကြိုးပမ်းမှုကို ကြားဝင်နှောင့်ယှက်ဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် ရူဒီဂါကို ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် ပြည်တွင်း ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၎င်းတို့ နည်းပြ ရန်းနစ်ဟာ ရူဒီဂါ အေးဂျင့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါတယ်။

ယူနိုက်တက် ပစ်မှတ် ဟိုင်ဒါရာက သူဟာ ငယ်စဉ်တုန်းက သရဲနီ ပရိတ်သတ်တစ်ယောက် ဖြစ်ခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၎င်းက ရော်နယ်ဒို အမာခံ ပရိသတ် ဖြစ်ပြီး ပေါစခိုးလ်၊ ဗန်ဒါဆားတို့ အပါဝင် သူ သဘောကျတဲ့ ယူနိုက်တက် ဂန္တဝင်တွေ အမည်ကိုပါ ပြောဆိုခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ ကိုဗစ်ကူးစက်ခံရမှု ၁၉ ယောက်အထိ ရှိခဲ့ပြီး စနေနေ့ ဘရိုက်တန်နဲ့ပွဲကိုပါ ထပ်မံ ရွှေ့ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ စံချိန်တင် လုပ်ခအဖြစ် တစ်နှစ်ကို ပေါင် သန်း ၁၅၀ သုံးခဲ့ရပြီး တစ်ပတ်လုပ်ခ ပေါင် ၁သိန်း ၆သောင်း ရှိတဲ့ ကစားသမား ၇ ယောက်ရှိသလို နောက်ဆုံးခေါ်ယူမှုတွေမှာ မြင့်မားတဲ့ လုပ်ခတွေ ပေးထားရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပရဟိတ ဖောင်ဒေးရှင်းဟာ မနှစ်ကလိုပဲ ဒီဆောင်းရာသီမှာလဲ မြို့ခံမိသားစုတွေအတွက် စားစရာ ၄ သိန်းကို လှူဒါန်းပေးသွားမှာပါ။

အာဆင်နယ် အသင်းခေါင်းဆောင်အနေနဲ့ အူဘာမီယန် ဖြုတ်ချခံခဲ့ရတာကြောင့် အပြောင်းအရွှေ့ ဒါရိုက်တာ အီဒူးဟာ ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပိုပြီးတော့တောင် အရေးတကြီး ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနား အသင်းကတော့ ၎င်းတို့ တိုက်စစ်မှုးကို ယူရို သန်း ၁ဝဝ လို့ လေသံပစ်ထားပါတယ်။

အက်သလက်တီကို မက်ဒရစ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေတဲ့ တိုက်စစ်မှူး မာရှယ်ကို ကစားသမား အလဲအထပ် လုပ်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အဲရစ်ဆင်ဟာ နှလုံးရောဂါကြောင့် ဒိန်းမတ်ပြန်ပြီး ကလပ်တစ်ခုကို ရှာဖွေရတော့မှာ ဖြစ်သလို အင်တာမီလန်ဟာ ၎င်းရဲ့ ၆လစာချုပ်ကို ဖျက်သိမ်းနိုင်ဖွယ် ရှိပါတယ်။

ဘောလုံးလိဂ်အနေနဲ့ ခရစ္စမတ်ကာလ ပွဲအချိန်ဇယားကို အကာအကွယ်ဖြစ်စေဖို့ ဒီတစ်ပတ်မှာ တစ်ပတ် ၂ ကြိမ် ကိုဗစ် စစ်ဆေးဖို့ စည်းကမ်းထုတ်ရမယ်လို့ EFL ကလပ်တွေက ပြောဆိုခဲ့ပါတယ်။