ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲမှာ အာဆင်နယ်နဲ့ အတူ ခြေစွမ်းပြပြီး ဟက်ထရစ် သွင်းခဲ့တဲ့ လူငယ်လေး အန်ကတ်တီးယားဟာ အသင်းကနေ ထွက်ခွာလိုနေဆဲ ဖြစ်တယ်လို့ ဒေးလီးမေးလ်က ဆိုပါတယ်။ အင်္ဂလန် လူငယ်လေးရဲ့ လက်ရှိ စာချုပ်က ၂၀၂၂ နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီတည်းက ထွက်ခွာသွားဖွယ် ရှိပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို လီဗာပူးအသင်းက ကြိုးစားလာဖွယ် ရှိကြောင်း စပိန်သတင်းတွေ့ ဆိုပါတယ်။ အသက် ၁၉ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ဒီနှစ်နွေကမှ ရီးရဲလ်ရောက်လာပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရဆဲပါ။

ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ဟာ လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ်ရဲ့ အနေအထားအား ခြေရာကောက် နေကြပြီး စီးရီးအေ ကလပ်ကတော့ အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇ဝ ရလိုနေပါတယ်။ ကစားသမားကတော့ သူနဲ့ ယူနိုက်တက်ကြား ထူးခြားမှု မရှိသေးကြောင်း ငြင်းဆိုထားပါတယ်။
ဝက်ဟမ်းနဲ့ ဘာစီလိုနာတို့ဟာ ရီးရဲလ်ဆိုစီဒက် တောင်ပံသမားဟောင်း ဂျာနုဇက်ကို လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အဲဗာတန်အသင်းဟာ စကော်တလန်ကလပ် ရိန်းဂျားအသင်းမှ ညာအစွန်လူ နေသန် ပါတာဆန်ကို ခေါ်ယူလိုနေပြီး နွေတုန်းက သူတို့ ကမ်းလှမ်း ခဲ့တဲ့ ပေါင် ၅ သန်းရဲ့ နှစ်ဆ ပေါင် ၁၀ သန်းဝန်းကျင် ပေးရဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးတို့ဖြင့် သတင်းထွက်နေပေမယ့်လည်း ဟာလန်းက ဒေါ့မွန်မှာပဲ ဆက်နေသွားတာလည်း ဖြစ်နိုင်ပါတယ်လို့ သတင်းထောက် ရွိုင်အိုလာက ပြောပြန်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂျူဗပ်တပ် ဗဟိုခံစစ်သမား ဒီလစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေး အခက်အခဲ ရှိပေမယ့် ကော်တင်ညိုနဲ့ အမ်တီတီကို ရှင်းထုတ်နိုင်ရင် ဒီလစ်ကို ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ရိုးမားအသင်းဟာ ညာအစွန်လူ ဒါလော့ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့်လည်း ယူနိုက်တက် နည်းပြ ရန်းနစ်က ပေါ်တူဂီသားကို ရောင်းထုတ်ရေး အား ပယ်ချလိုက်ပါတယ်။
အာဆင်နယ်အဘက်က လာမယ့် အာဖရိကဖလား ပြိုင်ပွဲကို တိုက်စစ်မှူး အူဘာမီယန်းရဲ့ ကလပ် အရှုပ်အထွေးအား ပြည်ဖုံးကာချနိုင်မယ့် ကာလအဖြစ် အသုံးချနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းဟာ ဒီနွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လန်ဒန်ကလပ် ဝက်စ်ဟမ်းအသင်းထံ ကူးပြောင်းဖို့ နီးစပ်နေပါတယ်။
