ကာဗာနီ နေရာ အစားထိုး ပစ်မှတ်၊ ရုပ်တုနဲ့ ရော်နယ်ဒို၊ ဒင်းဟန်ဒါဆန်နဲ့ ယနေ့ နောက်ဆုံးရ မန်ယူနိုက်တက် သတင်းများ

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ နည်းပြ ရက်ဖ် ရန်းနစ်ရဲ့ ထရိန်နင် အစီအစဉ်တွေကို လိုက်ပါ လေ့ကျင့်ရတာ ခက်ခဲနေပြီး အဝတ်လဲခန်းထဲ မကျေနပ်မှုတွေ ကြီးထွားလာတာ စိုးရိမ်စရာ ဖြစ်လာကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်ထားပါတယ်။

လူငယ်တွေ အတုယူ အားကျနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ရွှေရောင် ရုပ်တုကြီး တစ်ခုကို တည်ဆောက်ထားပြီ ဖြစ်ပါတယ်။ ထိုရုပ်တု တည်ဆောက်ဖို့ ပေါင် ၁၂ဝဝဝ ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်က မန်ချက်စတာကနေ ထွက်ခွာလိုနေပြီး ဇန်နဝါရီမှာ အငှားနဲ့ ဖြစ်ဖြစ် ထွက်ဖို့ ကြိုးစားနေပေမယ့် နည်းပြ ရန်းနစ်က ငြင်းဆန် ပယ်ချထားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။

ကာဗာနီ ထွက်ခွာ အနားယူသွားရင် အစားထိုးဖို့ တိုက်စစ်မှုး အဖြစ် ပီအက်စ်ဂျီမှ အိုင်ကာဒီကို ယူနိုက်တက် က ပစ်မှတ်ထား ချိန်ရွယ်နေကြောင်း သတင်းထွက်နေပါတယ်။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်နဲ့ ခံစစ်သမား အဲရစ်ဘိုင်လီတို့ဟာ အသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အပေါ် နောင်တကြီးစွာ ရနေပြီး ပွဲကစားခွင့် မရတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေကြပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ကာဗာနီကို ပွဲထွက် လူစာရင်းကနေ ထည့်သွင်းဖို့ စီစဉ်ခဲ့ပေမယ့် ဝါရင့်တိုက်စစ်မှုးကြီး ကိုယ်တိုင်က ပွဲအစကနေ ပါဝင်ဖို့ ကြံ့ခိုင်မှု မပြည့်ဘူး ယူဆတာကြောင့် အရန်ကနေပဲ ထည့်သွင်းဖို့ တောင်းဆိုခဲ့ကြောင်း ရန်းနစ်က ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

အီတလီဘက်က သတင်းတွေ အရ နာပိုလီ အသင်းဟာ ယူနိုက်တက်ရဲ့ စွယ်စုံရ နောက်ခံ ကစားသမား တူရမ်ဇီဘီ ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ၎င်းက ဗဟိုခံစစ် နေရာတင် မက အစွန်ခံစစ်နဲ့ ကွင်းလယ် ခံစစ်နေရာတွေမှာပါ ကစားနိုင်တာပါ။

ရီးရဲလ် ဆိုဆီဒက် အသင်းဟာ ဇန်နဝါရီမှာ ဟွမ်မာတာ ကို အလွတ်နဲ့ ခေါ်ယူချင်တာကြောင့် ၎င်းကို ထွက်ခွာခွင့် ပေးဖို့ မန်ချက်စတာ ယူနိုက်တက်အား တွန်းအားပေးလိုနေပါတယ်။