ရူဒီဂါနဲ့ ရီးရဲလ်၊ အိုင်ကာဒီ မွိုက်စ်ကိန်း အလဲအထပ်နဲ့ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်ဆီးတို့ဟာ ဂျူဗင်တပ်ကနေ အတ္တလန္တာမှာ အငှားကစားနေတဲ့ နောက်ခံလူ ဒီမီရယ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးစားနေကြပေမယ့် ၎င်းက ဒီနွေရာသီမှာ အပြီးသတ် အပြောင်းအရွှေ့ ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။

အက်သလက်တီကိုဟာ နယူးကာဆယ်နဲ့ သဘောတူညီမှု ရသွားတဲ့ ထရစ်ပီယာအတွက် အစားထိုးစရာ ရှာဖွေနေသလို ဘာကာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှု ဦးဆောင်နေပါတယ်။ ချယ်ဆီးမှ ကွီတာကိုလည်း နွေရာသီ စာချုပ်ကုန်သည်ထိ မစောင့်ဘဲ ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ရူဒီဂါဟာ ရာသီကုန်မှာ ချယ်ဆီးနဲ့ စာချုပ်ကုန်တဲ့အခါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဒီလထဲမှာ ပြည်ပ ကလပ်တွေ ဖြစ်တဲ့ ရီးရဲလ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်နဲ့ ဂျူဗင်တပ်တို့နဲ့ ဆွေးနွေးနေပါတယ်။ ရီးရဲလ်ရောက်ဖို့ အနီးစပ်ဆုံး ရှိပေမယ့် ရူဒီဂါ တောင်းဆိုတဲ့ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်း လစာကို ရီးရဲလ်က မပေးလိုဘဲ ရှိနေပါသေးတယ်။

လာဇီလိုဟာ လူးဝစ်ဖီးလစ်ကို စာချုပ်သက်တမ်းတိုးဖို့ ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေပေမယ့် အခုထိ သဘောတူညီမှု မရသေးသလို အင်တာရဲ့ စိတ်ဝင်စားမှုကိုပါ သတိထားနေတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ လင်ဂတ်ကို ဇန်နဝါရီမှာ ခေါ်ယူနိုင်အောင် ကြိုးပမ်းဖို့ လက်မလွှတ်သေးပဲ နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှု လုပ်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းထဲမှာ နည်းပြ ရန်းနစ်ရဲ့ ဗျူဟာတွေကို အထင်မကြီး သဘောမကျသူတွေ များနေသလို ရော်နယ်ဒိုရဲ့ လွှမ်းမိုးအပေါ် လက်မခံမှုတွေလည်း ကြီးထွားလာနေပါတယ်။ လက်ရှိမှာတင် ယူနိုက်တက်ကနေ ထွက်ခွာလိုတဲ့ အသင်းသား ၁၁ ယောက်ထိ ရှိနေတယ်လို့လည်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ အိုင်ကာဒီနဲ့ ဂျူဗင်တပ်ရဲ့ မွိုက်စ်ကိန်းတို့ အလဲအထပ် ပြုလုပ်လိုနေပါတယ်။ အိုင်ကာဒီက ပဲရစ်မှာ ရုန်းကန်နေရတာကြောင့် အီတလီသို့ ပြန်လိုနေပြီး ဂျူဗင်တပ်က ငွေကြေးအရ ပီအက်စ်ဂျီ တောင်းဆိုတာ မပေးနိုင်တာကြောင့် ကိန်းကို အလဲအထပ် လုပ်ဖို့ ဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရို သန်း ၇၀ တန် ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူနိုင်ဖို့ ဆုံးဖြတ်ထားပြီး ယူရို ၅၅သန်းနဲ့ ကမ်းလှမ်းမှုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ရိန်းဂျားကြယ်ပွင့် အယ်ဖရက်ဒို မိုရီလော့စ်ကို ခေါ်ယူဖို့ကြိုးစားနေပြီး အိုင်းဘရောက်စ်မှာ ပုံမှန်ဂိုးတွေ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးကို အဲဗာတန်နဲ့ လက်စတာတို့ကလည်း စိတ်ဝင်စားနေတာပါ။

ဝက်ဖို့ဒ်ဟာ အူဒီနီးစ်ကနေ နောက်ခံလူ ဆာမီကို ခေါ်ယူဖို့ သဘောတူညီမှုတွေ အပြီးသတ်နိုင်တော့မှာဖြစ်သလို ကစားသမားဟာ ဒီနေ့ ဝက်ဖို့ဒ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့ပါတယ်။

ဂျီနိုအာဟာ ဟာသာဘာလင်ကနေ ခရစ်ဇ်တော့ဖ် ပီယာတက်ခ်ကို အငှားခေါ်ယူမှာဖြစ်ပြီး ယူရို ၁၇ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်လဲ ပါဝင်မှာပါ။