မန်စီးတီးအသင်းရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေပေမယ့် လူကာ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပဲ ၂၀၂၃ နွေထိ ဆက်ရှိနေမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုးဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၃၆ နှစ် အရွယ် ခရိုအေးရှားသားဟာ စာချုပ်နောက်ဆုံးနှစ်ထဲ ဝင်လာနေပြီ ဖြစ်ပါတယ်။
လီဗာပူး ဂိုးနည်းပြ Achterberg ကတော့ ဂိုးသမား ကားရီးယက်ဇ်ကို ဒီ ဆောင်းဈေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။ ကားရီးရက်ဇ်က လက်ရှိ လီဗာပူးမှာ စတုတ္ထ ဦးစားပေးနေရာမှာသာ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှုး ဗလာဟိုဗစ်ကို အရ ခေါ်ယူချင်နေပေမယ့် ကစားသမား တောင်းဆိုနေတဲ့ တစ်ပတ် ပေါင် ၃ သိန်း လစာ၊ အေးဂျင့်အဖွဲ့ကို ပေးရမယ့် ပေါင် ၁၅ သန်းတွေပါ ထည့်သွင်းမယ် ဆို ပေါင် သန်း ၁၅ဝ လောက်ထိ ကုန်ကျမယ့် အနေအထား ဖြစ်နေပါတယ်။

ရိုးမားဟာ အိုလီဗီအဲရာကို ပေါ်တိုကနေ ယူရို ၁၃.၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ ယူရို ၁ သန်းတန် အငှား စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပေမယ့် သဘောတူညီမှုယူရမယ့် နောက်ဆုံး အသေးစိတ် အချက်လေးတွေ ကျန်ရှိနေပါသေးတယ်။
အက်သလက်တီကို မက်ဒရစ် ဟာ ဖီအိုရင်တီးနား နောက်ခံလူ မီလင်ကိုဘစ်ကို စောင့်ကြည့်နေပြီး စီးရီးအေကလပ် ကလည်း ၂၀၂၃ မှာ စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို စဉ်းစားချင်နေပါတယ်။
လီဗာပူး တိုက်စစ်မှုး မိုဆာလက်ကတော့ သက်တမ်းတိုး စာချုပ်သစ် အတွက် သတင်းတွေ ထွက်နေသလို သူ့ဘက်က မဖြစ်နိုင်လောက်တဲ့ တောင်းဆိုမှုတွေ မပြုလုပ်ထားကြောင်းနဲ့ ရှေ့ဆက် ရှိဖို့ အလားအလာက ကလပ် အသင်းပေါ်မှာသာ မူတည်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်တုန်းက အသင်းကနေ ထွက်ခွာချင်ကြောင်း နည်းပြ ရန်းနစ်ထံ ခွင့်တောင်းခဲ့ပေမယ့် ဂျာမန်သားက ငြင်းဆန်ပယ်ချခဲ့ပြီး အခုထိလည်း သဘောထား မပြောင်းလဲသေးဘူးလို့ သိရပါတယ်။
ဘာစီလိုနာအသင်းဟာ ဗီလာထံ အငှားလွှတ်လိုက်တဲ့ ကော်တင်ညို နေရာ အစားထိုးဖို့ ချယ်ဆီးကြယ်ပွင့်ဟောင်း အော်စကာ ကို ခေါ်ယူရန် ချဉ်းကပ်နေပါတယ်။ အော်စကာက လက်ရှိ ရှန်ဟိုင်း SIPG အသင်းမှာ ကစားနေတာပါ။
