ဒီလစ် အတွက် ဂျူဗီ ဈေးသတ်မှတ်၊ ဒမ်ဘီလီကို ထွက်သွားခိုင်းတဲ့ ဘာစီနဲ့ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ် ခံစစ်မှုး ပက်ဘလို မာရီဟာ အူဒီးနိစ် အသင်းထံ ရာသီကုန်ထိ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီနဲ့ သက်တမ်းတိုး စာချုပ်ကိစ္စ ညှိနှိုင်းမရတာကြောင့် ၎င်းကို အသင်းအစီအစဉ်တွေကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်ပြီး အသင်းကနေ ထွက်ခွာနိုင်ကြောင်း အသိပေးလိုက်ပြီ ဖြစ်ပါတယ်။

ပေါလ် ပေါ့ဘာဟာ ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီး စိတ်ကြိုက်ကလပ် အသင်း ရွေးနိုင်မှာ ဖြစ်ပေမယ့်အ ခုထိ သူ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ပေါ့ဘာကို သက်တမ်းတိုးဖို့ လက်မလျှော့သေးပါဘူး။

အာဆင်နယ်အသင်း တာဝန်ရှိသူတွေနဲ့ အာသာ မယ်လို အေးဂျင့်တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ရာ ဂျူဗင်တပ်က အာသာကို ၁၈ လ အငှား၊ အပြီး ဝယ်ယူခွင့် အပါနဲ့ လက်လွှတ်လိုပေမယ့် အာဆင်နယ်က ရာသီကုန်ထိသာ အငှားခေါ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ အာဆင်နယ် တိုက်စစ်မှုး အန်ကတ်တီးရားရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း The Athletic က ဖော်ထုတ်ထားပါတယ်။ ၎င်းရဲ့ စာချုပ်က ရာသီကုန်ရင် ကုန်ဆုံးမှာ ဖြစ်လို့ ဒီလထဲမှာဆိုရင်လည်း ဈေးချိုချိုနဲ့ ရရှိနိုင်မှာပါ။

ဂျူဗင်တပ်ဟာ ဘာစီလိုနာ ပစ်မှတ်ထားလာတဲ့ ၎င်းတို့ ခံစစ်မှုး ဒီလစ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်း လို့ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။

တော့တင်ဟမ် စပါးအသင်းဟာ ရိုးမား အသင်းမှ အသက် ၂၈ နှစ် အရွယ် ကွင်းလယ်သမား Veretout ကို ခေါ်ယူဖို့ အလေးအနက် ကြိုးစားနေပါတယ်။

ယူနိုက်တက်နဲ့ စပါးတို့ဟာ အဘာဒင်း ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကို စောင့်ကြည့်နေပြီး အင်္ဂါနေ့က ရိန်းဂျားနဲ့ တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့သိရပါတယ်။

ဘန်လေဟာ အိုးလ်ဟမ် အက်သလက်တစ် ဆယ်ကျော်သက် ကစားသမား ဟယ်ရီ ဗူဂန်ကို နွေရာသီမှာ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရသလို နောက်ထပ် တိုးမြှင့်ကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး ပေါင် ၂သိန်းကျော်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။