ဘာပေကြောင့် ဟာလန်းကို လက်လျှော့တဲ့ ရီးရဲလ်၊ လီဗာပူးနဲ့ ပွဲဦးထွက်ဒီယက်စ်နဲ့ ညပိုင်း သတင်းများ

လီဗာပူး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ခဲ့တဲ့ ကစားသမားသစ် လူးဝစ် ဒီယက်စ်က ဒီည ကာဒစ်ဖ်နဲ့ ယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား ပွဲမှာ ပွဲဦးထွက် ပါဝင်ခဲ့ပြီး ဂိုးထောက်ပံ့မှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘလက်ဘန်း ဆယ်ကျော်သက် ကစားသမား အက်ရှ်လေ ဖီးလစ်ဟာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ရဲ့ စောင့်ကြည့်ခြင်း ခံနေရပြီး အဲဗာတန်၊ စပါးတို့လို အသင်းတွေအပါအဝင် ပရီးမီးယားလိဂ် ကလပ်များစွာက သူ့ကို ကင်းထောက် စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးတို့ဟာ ရီးရဲဆိုစီဒက် တိုက်စစ်မှူး အလက်ဇန္ဒါး အိုင်ဆက်ကို စိတ်ဝင်စားနေကြပြီး သရဲနီတွေဟာ ၎င်းကို ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ သတ်မှတ်ထားပြီး နွေရာသီမှာ အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖွယ် ရှိပါတယ်။

အိုင်ဆက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်က ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက် ဆွေးနွေးခဲ့သေးပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းမရလို့သာ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

နစ်ကလပ်ဆူးဟာ ဇွန်လမှာ ဘိုင်ယန်မြူးနစ်ကနေ ဖရီးအေးဂျင့်အဖြစ် ထွက်ခွာသွားတော့မှာဖြစ်သလို သူ့ရဲ့ အသင်းသစ် ကို ဆုံးဖြတ်ပြီးပြီလို့ အေးဂျင့်ဖြစ်သူက ပြောပြခဲ့ပါတယ်။

ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းမှာ ဆက်နေသင့်ပြီး ကလပ်မှာဆိုရင် ချန်ပီယံလိဂ်ကစားနိုင်သလို ဂိုးတွေလဲ သွင်းနိုင်ပြီး အဖိုးတန်ဆုံး ကစားသမားအဖြစ် ခံစားရနိုင်တယ်လို့ ဒေါ့မွန်အသင်းဖော် မာကိုရူးစ်က တိုက်တွန်းခဲ့ပါတယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်အများစုကို ဗဟိုတိုက်စစ်မှူး တစ်ယောာက်အတွက် အသုံးချသွားမှာဖြစ်ပြီး ချယ်ဆီးမှ အက်ဇ်ပီလီကွီတာနဲ့ ခရစ္စတန်ဆန်တို့လို တခြားသော ပစ်မှတ်တွေကိုလဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီရဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အကြို သဘောတူညီမှု ရခဲ့တဲ့နောက် ငွေအင်အား မလုံလောက်တော့တာကြောင့် ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ လီဗာပူးက စိတ်ဝင်စားနေတဲ့ ဘယ်လင်ဟမ်ကို ဆုံးရှုံးရမှာစိုးရိမ်တာကြောင့် ၂၀၂၅ အထိ သက်တမ်း ရှိနေပြီးသားဖြစ်တဲ့ စာချုပ်ကို သက်တမ်း ထပ်တိုးဖို့ ဆွေးနွေးမှုတွေ လုပ်ချင်နေပါတယ်။

ပက်ဂွာဒီယိုလာရဲ့ လက်ရှိစာချုပ်က ၂၀၂၂-၂၃ ရာသီမှာ သက်တမ်းကုန်မှာဖြစ်ပေမယ့် မန်စီးတီးမှာ ပျော်နေပြီး နောက်ရာသီ အကုန် နောက်ပိုင်းအထိ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ စီးတီးကစားသမားတွေက ယုံကြည်နေကြ ပါတယ်။

လီဗာပူးဟာ ဖူလ်ဟမ်ကြယ်ပွင့် ကာဗယ်ဟိုကို ဇန်နဝါရီမှာ မခေါ်ယူနိုင်ခဲ့တဲ့နောက် လာမယ့် နွေရာသီမှာ သေချာပေါက် ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။

ဂျူဗင်တပ်ဟာ ရိုးမားကနေ နီကိုလို ဇာနီယိုလိုကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုမှာ စပါးကို အနိုင်ရရှိဖို့ ယုံကြည်မှုရှိနေပြီး ၎င်းကို ဒိုင်ဘားလားရဲ့နေရာမှာ အစားထိုးဖို့ မျှော်လင့်ထားပါတယ်။