Rumours: လစာလျှော့ခံပြီး အင်တာထံ အသည်းအသန် ပြန်သွားချင်နေတဲ့ ချယ်ဆီးတိုက်စစ်မှုး လူကာကူ

တိုက်စစ်မှုး လူကာကူကတော့ ချယ်ဆီးကနေ ထွက်ပြီး ယခင်ကလပ်ဟောင်း အင်တာမီလန် အသင်းထံ ပြန်သွားချင် နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အီတလီ သတင်းဌာနတွေ အဆိုအရ လူကာကူဟာ လစာလည်း အများကြီး လျှော့ယူဖို့ အသင့် ရှိနေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယံသားဟာ စတန်းဖို့ဘရစ်ချ်မှာ ရုန်းကန်နေရတဲ့ အိပ်မက်ဆိုးကို အမြန်ဆုံး အဆုံးသတ်လိုနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေကမှ ချယ်ဆီးအသင်းထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇ သန်းခွဲနဲ့ ပြန်ရောက်လာခဲ့ပေမယ့် လူကာကူဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။

ဒီနှစ်ဦးပိုင်းက စကိုင်းစပေါ့ အီတလီနဲ့ အင်တာဗျူးမှာ လူကာကူ က သူ အလောတကြီး အသင်းပြောင်းခဲ့တာ အတွက် အင်တာမီလန် ပရိသတ်တွေအား တောင်းပန်စကား ဆိုခဲ့ပြီး ချယ်ဆီးမှာ နည်းပြတူချယ် နည်းစနစ်တွေကြောင့် ကစားရ အခက်အခဲ ရှိနေကြောင်းပါ ပြောဆိုခဲ့ပါတယ်။

လူကာကူရဲ့ စွမ်းဆောင်ရည်တွေကတော့ တိုးတက်မလာသေးဘဲ ၂၀၂၂ ထဲမှာ လိဂ်ဂိုး ၁ဂိုးသာ ရသေးပြီး ပြီးခဲ့တဲ့ လိုင်လီနဲ့ ပွဲမှာလည်း ပွဲထွက်ကနေ ချန်လှပ်ခံခဲ့ရပါတယ်။

အီတလီ သတင်းဌာန Gazzetta dello Sport အဆိုအရ ချယ်ဆီးမှာ အဆင်မပြေတဲ့ အနေအထားကို လူကာကူ အတော် စိတ်ကုန် စိတ်ပျက်နေပြီး လာမယ့်နွေမှာ အင်တာမီလန်ထံ ပြန်သွားဖို့ အသည်းအသန် အလိုရှိနေကြောင်း သိရပါတယ်။ လူကာကူက အင်တာမှ အကြီးအကဲ ဒါရိုက်တာ အချို့နဲ့လည်း တောက်လျောက် အဆက်သွယ် ရှိနေသေးတယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အင်တာမီလန်က လူကာကူ ကို ပြန်ခေါ်ဖို့ ပြောင်းရွှေ့ကြေး မသုံးနိုင်တာကြောင့် အပြောင်းအရွှေ့ လုပ်နိုင်ဖို့ အတော် ခက်ခဲဦးမှာ ဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းက ချယ်ဆီးက အငှားလွှတ်ပေးတာပဲ ဖြစ်နိုင်ဖွယ် ရှိပါတယ်။ ဒါကလည်း စံချိန်တင်ကြေးနဲ့ ခေါ်ထားတဲ့ ကစားသမား တစ်ယောက်ကို ချယ်ဆီးက အငှားချဖို့ အတော် ဖြစ်နိုင်ခြေ နည်းနေတာပါ။

Gazzetta အဆိုအရ လူကာကူဟာ ချယ်ဆီးမှာ ရနေတဲ့ လစာအပြင် သူ ယခင် အင်တာမှာ ရခဲ့တဲ့ လစာထက်ကို လျှော့ပြီး လက်ခံယူကာ အီတလီပြန်လာရဖို့ထိပါ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် နောက်တစ်ချက် အနေနဲ့ လူကာကူ ဟာ အင်တာက ဆရာဟောင်း လက်ရှိ နည်းပြ ကွန်တီနဲ့ သွားရောက် ပူးပေါင်းဖို့လည်း စဉ်းစားနေပါတယ်။

ဒါပေမယ့် လန်ဒန်ပြိုင်ဘက်ချင်း ဖြစ်တဲ့ စပါးအသင်းထံ ချယ်ဆီးကတော့ သူတို့ တိုက်စစ်မှုးကို လက်လွှတ်ဖို့ ဖြစ်နိုင်ခြေ က ပိုပြီးတောင် နည်းပါးနေပါတယ်။ မြောက်လန်ဒန်ကလပ်ကလည်း မေမှာ အသက် ၂၉ ပြည့်တော့မယ့် ကစားသမား အတွက် ပြောင်းရွှေ့ကြေးကြီး ထုတ်သုံးဖွယ် မရှိပါဘူး။